ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများ အပြားထွက်ခွာသွားသော်လည်း ကိုရီးယားနိုင်ငံ အထည်ချုပ်နှင့် ချည်ထုတ်လုပ်ရေးလုပ်ငန်း PANKO Corporation က ရင်းနှီး မြှုပ်နှံမှုတိုးမြင့်မည်ဖြစ်ကြောင်း ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်( UMFCCI ) ထံက သိရသည်။
ကိုရီးယားနိုင်ငံ အထည်ချုပ်နှင့် ချည်ထုတ်လုပ်ရေးလုပ်ငန်း PANKO Corporation သည် ၂၀၁၉ ခုနှစ်မှစတင်ကာ ပဲခူးတွင် အထည်ချုပ် လုပ်ငန်းတည်ထောင်ခဲ့ပြီး ယခုအခါ လုပ်ငန်းတိုးချဲ့သည့်အနေဖြင့် ချည်ထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်မည် ဖြစ်ကြောင်း PANKO Corporation ဥက္ကဋ္ဌ Mr. Youngjoo Choi ၏ ပြောကြားချက်အရသိရသည်။
“နိုင်ငံတော်ဘက်(စစ်ကောင်စီ)က ကုန်ထုတ်လုပ်ငန်းများကို အားပေးနေတဲ့ ကာလ ဖြစ်ပြီး အလုပ်အကိုင်အခွင့် အလမ်းအများဆုံးပေးနိုင်တဲ့ အထည်ချုပ်လုပ်ငန်းများ တိုးချဲ့ရင်းနှီးမြှပ်နှံမှာသိရတဲ့အတွက် ဝမ်းသာတယ်” ဟု ကုန်သည်မှုစက်မှုအသင်းချုပ် ဥက္ကဌ ဦးအေးဝင်းက ပြောကြားထားသည်။
မြန်မာနိုင်ငံသည် ချည်ငင်ခြင်း၊ ဆေးဆိုးခြင်း၊ ချည်ထုတ်လုပ်မှုလုပ်ငန်းများတွင် အတွေ့အကြုံများစွာရှိသည့်အတွက် အထည်ချုပ် စက်ရုံများတိုးချဲ့တည်ဆောက်နိုင်ရန်အပါအဝင် ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှုမြှင်တင်ရေးလုပ်ဆောင်မည်ဖြစ် ကြောင်းသိရသည်။
ကိုရီးယားနိုင်ငံမှ စီးပွားရေးကော်ပိုရေးရှင်းများနှင့် ကိုရီးယားအခြေစိုက် ထိပ်တန်း ဘဏ်များဖြစ်သည့် Shinhan ဘဏ်နှင့် Hana ဘဏ်တို့သည် စစ်ခေါင်းဆောင်များနှင့် ဆက်နွှယ်နေသည့် စီးပွားရေးလုပ်ငန်းများသို့ ချေးငွေပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ထောက်ပံ့နေမှုသည် စစ်ကောင်စီကို သွယ်ဝိုက်ထောက်ပံ့နေခြင်းဖြစ်၍ လုပ်ငန်းများ ရပ်ဆိုင်းရန် နိုင်ငံရေးတတ်ကြွလှုပ်ရှားသူများက ဖိအားပေးလျက်ရှိသည်။
လက်ရှိ မြန်မာနိုင်ငံတွင် Posco နှင့် Lotte ဟိုတယ်လုပ်ငန်းစုအပါအဝင် ကိုရီးယားကုမ္ပဏီ ၂၀၀ ခန့်၏ ရင်းနှီးမြှုပ်နှံမှုများ ဆက်ရှိနေပြီး အထည်ချုပ်လုပ်ငန်းတွင် ကုမ္ပဏီ ၁၀၀ ကျော်ရှိပြီး လျှပ်စစ်ပစ္စည်း၊ အလှကုန်၊ စားသောက်ကုန် ၊ လူသုံးကုန် အစရှိသည့် ကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်။
ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံမှုထားသည့် နိုင်ငံများအနက် အဆင့် ၆ တွင်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၅၅ ဘီလျံရှိကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနထံမှသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ကိုရီးယားနိုင်ငံ #PANKOCorporation #အထည်ချုပ်နှင့်ချည်ထုတ်လုပ်ရေးလုပ်ငန်း #ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် #Ayeyarwaddy_Times