![](https://ayartimes.com/wp-content/uploads/2023/09/383156613_644276861174670_1159439332453274864_n.jpg)
ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်
စစ်ကောင်စီ၏ တည်ဆောက်ရေးလုပ်ငန်းများတွင် အားသွန်ခွန်စိုက် ပါ၀င်လုပ်ကိုင်မည် ဖြစ်၍ ပြန်လွှတ်ပေးရန် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ အသနားခံစာ တင်ခဲ့သည့် ရွှေတူးဖော်ရေးလုပ် ငန်းရှင် ဦးစိုးထွန်းရှိန်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။
အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို ယမန်နေ့ စက်တင်ဘာ ၂၇ ရက်နေ့က မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်တရားရုံးတွင် ၎င်းအားစွဲဆိုထားသည့် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပါ ပုဒ်မ ၃ ဖြင့် စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း မန္တလေးအကျဉ်းဦးစီးဌာနနှင့် နီးစပ်သူထံက သိရသည်။
“သူ့ကို ခရိုင်တရားရုံးမှာ ထောင်ဒဏ်ချမှတ်လိုက်တာ ပါ။ ကျန်းမာရေးလည်း ကောင်းပါတယ်။ ထောင်ဒဏ် ၁၀ နှစ်ပါ” ဟု မန္တလေးအကျဉ်းဦးစီးနှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဦးစိုးထွန်းရှိန်ကို ၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်သို့ ပေးရန်ရှိနေသည့် ရွှေကြွေးကျန် ရွှေ ၁၂၉၃ ပိဿာကို မပေး၍ NLD အစိုးရ လက်ထက်တွင် သတ္တုတွင်း၀န်ကြီးဌာနက တရားလို ပြုလုပ်ပြီး မန္တလေးတိုင်း ရမည်းသင်းမြို့မရဲစခန်း တွင် အမှုဖွင့်တရားစွဲဆိုထားခဲ့ခြင်း ဖြစ်သည်။
ဦးစိုးထွန်းရှိန်သည် ယင်းသို့တရားစွဲဆိုခံထားရစဉ်တွင် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရာ ၂၀၁၉ ခုနှစ် နို၀င်ဘာ ၆ ရက်တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ ပြန်လည်ဖမ်းဆီးရမိပြီး ရမည်းသင်းထောင် သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ဦးစိုးထွန်းရှိန်သည် ရမည်းသင်းထောင်တွင် ဖမ်းဆီးထားခြင်းခံရပြီးနောက် ၎င်းအား ထောင်မှပြန်လည်လွှတ်ပေးရန် ၂၀၂၃ ခုနှစ် မတ် လ ၉ ရက်နေ့တွင် စစ်ခေါင်းဆောင်ထံ အသနားခံစာ တင်ခဲ့သည်။
အလားတူ ရွှေသူဌေး ဦးစိုးထွန်းရှိန် ထောက်ပံ့ပေးထားသည့် မဘသအဖွဲ့၀င်များကလည်း ဦးစိုးထွန်းရှိန်ကို ပြန်လည်လွှတ်ပေးရန်အတွက် စုပေါင်းလက်မှတ်ရေး ထိုးပွဲများပြုလုပ်၍ စစ်ကောင်စီထံ တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့တောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီက ဦးစိုးထွန်းရှိန်ကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။
ပုံစာ-အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်
#ဦးစိုးထွန်းရှိန် #အမျိူသားကြီးပွားတိုးတက်ရေးရေးကုမ္ပဏီ #ရွှေတူးဖော်ရေး #စစ်ကောင်စီ #ထောင်ဒဏ် #၁၀နှစ်ချမှတ် #Ayeyarwaddy_Times