နွေဦးမောင် /ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၈ ရက်

စစ်ကိုင်းတိုင်း မုံရွာမြို့ မင်းဒေါင့် ဆိပ်ကမ်းမှ ကျောက်စိမ်း နှင့် ကျွန်းသစ်များ သယ်ဆောင် လာသည့် စစ်ကောင်စီတပ် ရေယာဥ်များကို ယမန်နေ့ စက်တင်ဘာ ၂၇ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသည့် Taker Task Force – PPTF တပ်ဖွဲ့နှင့် Brightness Monywa တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင်လည်း အဆိုပါ ရေယာဥ်သင်္ဘောအုပ်စုကို ထပ်မံ၍ သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိပြီး အသေးစိတ် အခြေအနေကို စုံစမ်းလျက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ် များ ထံက သိရသည်။

“မနေ့က ပွိုင့် သုံး ပွိုင်ခွဲပြီး တိုက်ခိုက်ခဲ့တာ သင်္ဘောတည့်တည့်ကို ထိသွားတယ်။ စစ်ကောင်စီတပ်သင်္ဘောတွေက ဖလပ်တွဲ ရေယာဥ်တွေနဲ့ အတွဲလိုက် ဆန်တတ် လာတာ။ ဖလပ်တွဲ သင်္ဘော သုံးစီးကို စစ်ကောင်စီတပ်သင်္ဘော တစ်စီး နှုန်နဲ့ လုံခြုံရေးယူပြီး ဆန်တက်လာတာ။ မြစ်ကြောင်းတလျှောက်မှာ သင်္ဘော ၁၅ စီးလောက်ရှိတယ်။ ဒီမနက်လည်း သွားရောက်တိုက်ခိုက်ခဲ့တယ်” ဟု PPTF တပ်ဖွဲ့မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် ချင်းတွင်း မြစ်ကြောင်းတလျှောက် မြစ်ကမ်းဘေးရှိ ကျေးရွာများ ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခက်မှုများ ပြုလုပ်လျက် ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက် နေ့တွင် ချင်းတွင်းမြစ်အတွင်းရှိ စစ်ကောင်စီ၏ ရေကြောင်း သင်္ဘောပေါ်မှနေ၍ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဆားလင်းကြီးမြို့နယ် ထန်းတောကြီးကျေးရွာရှိ ဒေါ်တင်စန်း အသက် (၄၆) နှစ်သည် လက်နက်ကြီးစ ထိမှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ- PPTF တော်လှန်ရေးတပ်ဖွဲ့

#ချင်းတွင်းမြစ် #စစ်ကောင်စီရေယာဥ်တန်း #တော်လှန်ရေးတပ်ဖွဲ့များ #ကြားဖြတ် တိုက်ခိုက် #Ayeyarwaddy_Times