
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်
ပြီးခဲ့တဲ့လအတွင်း အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ဂါဘွန်နိုင်ငံသို့ လူသားချင်းစာနာမှုမဟုတ်တဲ့ အကူအညီ ပေးအပ်တာ ရပ်ဆိုင်းလိုက်ပြီလို့ အမေရိကန်အစိုးရက ပြောပါတယ်။
သမ္မတ အလီဘွန်ဂိုအွန်ဒင်ဘာအား ရာထူးမှဖြုတ်ချခဲ့တဲ့ စစ်အာဏာသိမ်းမှုကြောင့် ဂါဘွန်နိုင်ငံသို့ ပြည်ပ အကူအညီပေးရေးအစီအစဉ်တွေ ရပ်ဆိုင်းလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြေညာခဲ့ပါတယ်။
အကူအညီပေးမှု ရပ်ဆိုင်းတာဟာ ရေနံပေါကြွယ်ဝတဲ့ ဗဟိုအာဖရိကရှိ ဂါဘွန်နိုင်ငံက အမေရိကန်အစိုးရ ရဲ့ ဆောင်ရွက်မှုတွေကို ထိခိုက်စေမှာမဟုတ်ဖူးလို့ အန်တိုနီဘလင်ကန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။
အမေရိကန်နိုင်ငံက ငွေကြေးမတည်ထားတဲ့ အစီအစဉ်တွေအပေါ် ဘယ်လို အကျိုးသက်ရောက်မယ်ဆို တာ ထုတ်ပြန်ချက်က မဖော်ပြပါဘူး။
ဒီနှစ်အစောပိုင်းက နိုင်ဂျာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဂါဘွန်ဟာ စစ်အာဏာသိမ်းမှု ကြုံတွေ့ခဲ့ရတဲ့ ဒုတိယမြောက် အာဖရိကတိုင်းပြည်ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက နိုင်ဂျာနိုင်ငံသို့ ပေးအပ်နေတဲ့ အကူအညီတွေကိုလည်း ဆိုင်းငံ့ခဲ့ပါတယ်။
“ဒီယာယီအစီအမံက ECCAS အဖွဲ့၊ အခြား နိုင်ငံတာမိတ်ဖက်တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ တစ်သမတ် တည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေကို ကူညီပေးတဲ့ သံတမန်လုပ်ငန်းတွေ အပါအဝင် ဂါဘွန်နိုင်ငံက အ မေရိကန်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက်ဆောင်ရွက်နေပါတယ်” လို့ သူက ဆိုပါတယ်။
တိုင်းပြည်ကို ဆယ်စုနှစ် ၅ ခုကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတ အလီဘွန်ဂိုအား ဖြုတ်ချပြီးနောက် တစ် ပတ်ခန့်အကြာမှာ ဂါဘွန်စစ်ခေါင်းဆောင်က ဒီလအတွင်း တိုင်းပြည်အကြီးအကဲအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါ တယ်။
ဖြုတ်ချခံ သမ္မတ အလီဘွန်ဂိုရဲ့ ညီဝမ်းကွဲ၊ သမ္မတ လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘရိုက်က လိုတိုင်ရီအိုလီဂွီက လစ်ဘရီဗီလီမြို့တော်ရှိ သမ္မတနန်းတော်မှာ နိုင်ငံ့အကြီးအကဲအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါ တယ်။
ဂါဘွန်နိုင်ငံကို ၄၁ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ဖခင်ဖြစ်သူ သေဆုံးပြီးနောက် ၂၀၀၉ ခုနှစ်ကစပြီး အလီဘွန်ဂို က သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ် တာဝန်ယူခဲ့ပါတယ်။
ပြင်သစ်ကိုလိုနီဟောင်း OPEC အဖွဲ့ဝင် ဂါဘွန်နိုင်ငံဟာ ရေနံပေါကြွယ်ဝပေမယ့် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ ဂါဘွန်ပြည်သူ ၄၀ ရာခိုင်နှုန်းနီးပါးဟာ အလုပ်လက်မဲ့တွေဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
ကိုးကား – The Independent
Ref; US suspends aid to Gabon after military takeover