
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ စက်တင်ဘာလ ၂၇ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့၊ မြို့အဝင်ရှိ ဦးဝမ္မသူးမောင်းပန်းခြံအနီးတွင် စစ်ကောင်စီတပ်က ထောင်ထားသော မြေမြှုပ်မိုင်းကို ယမန်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဒေသခံလင်မယားနှစ်ဦးက နင်းမိကြောင်းသိရသည်။
အဆိုပါမြေမြှုပ်မိုင်းနင်းမိသည့်အတွက် အသက်(၅၀)နှစ်အရွယ်အမျိုးသားသေဆုံးခဲ့ပြီး ၎င်းနှင့်အတူ လိုက်ပါလာသော အမျိုးသမီးလည်း ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများထံမှ သိရသည်။
“လင်မယားနှစ်ဦးတောင်ယာသွားရင်း မြို့အဝင်နားမှာ မိုင်းနင်းမိတာပါ။ လူနာတင်ကားနဲ့ သွားရောက်သယ်ဆောင်ခဲ့ပေမယ့် သွေးထွက်လွန်သွားတဲ့အတွက် သေဆုံးသွားတယ်လို့ သိရပါတယ်။ အမျိုးသမီးကလည်း ပြင်းပြင်းထန်ထန်ဒဏ်ရာရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ဖလမ်းမြို့၊ ဗားရ်ချောင်းတွင် ငါးမျှားရန် သွားသည့် ဒေသခံ ဦးငွန်ကိပ်ခွဲ(၅၁)နှစ်သည် ဗားရ်တံတားအနီးတွင် စစ်ကောင်စီတပ်က ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိသည့်အတွက် သေဆုံးခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီနောက် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအထိ ချင်းပြည်နယ်တွင် မြေမြှုပ်မိုင်းကြောင့် ဒေသခံ ၂၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၈ ဦးရှိပြီဖြစ်ကြောင်းသိရသည်။
ချင်းပြည်နယ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုအများဆုံးမြို့နယ်ထဲတွင် မင်းတပ်မြို့နယ်လည်း ပါဝင်နေပြီး မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၂၂ ဦးအနက်မှ ၂၀ ဦးသည် စစ်ကောင်စီတပ်ထောင်ထားသော မြေမြှုပ်မိုင်းကြောင့်သေဆုံးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။
#မင်းတပ်မြို့ #စစ်ကောင်စီ #မြေမြှုပ်မိုင်းနင်းမိ #အမျိုးသားတစ်ဦးသေဆုံး #အမျိုးသမီးတစ်ဦးဒဏ်ရာရ #Ayeyarwaddy_Times