
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၇ ရက်
ဧရာဝတီတိုင်း ကြံခင်းမြို့တွင်းရှိ ရွာသစ်ရပ်ကွက်တွင် နေထိုင်သည့် CDM ကျန်းမာရေးဝန်ထမ်းလင်မယား နှစ်ဦးကို ပြီးခဲ့သည့်စက်တင်ဘာလ၂၃ ရက်ညပိုင်းက တရားမဝင်ဆေးကုသနေသည်ဟု အကြောင်းပြ၍ စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရကြောင်း သတင်းရရှိသည်။
ကြံခင်းမြို့နယ် ရွာသစ်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ်CDM သားဖွားဆရာမတစ်ဦးနှင့် သူမ၏အမျိုးသားဖြစ်သူ အသက် ၂၆ နှစ်အရွယ် ကျန်းမာရေးကြီးကြပ်(၂) ဝန်ထမ်းတစ်ဦး တို့ကိုစက်တင်ဘာလ ၂၃ ရက်နေ့ ည၁၀နာရီအချိန်၌ တရားမဝင် ဆေးဝါးကုသပေးနေသည်ဟု အကြောင်းပြ၍ စစ်ကောင်စီတပ်ဖွဲ့ က နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူများထံက သိရှိရသည်။
” ဘယ်သူကသတင်ပေးလိုက်တယ်မသိဘူး။ဆေးခိုးကုနေတယ်ဆိုပြီးတော့ အိမ်ကိုလာဖမ်းသွားတာ။ ရဲနဲ့စစ်တပ် စုစုပေါင်း ၁၅ ယောက်လောက် အိမ်ကိုလာဝိုင်းသွားတာ” ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းသို့ဖမ်းဆီးခဲ့ပြီးနောက် ကြံခင်းမြို့မရဲစခန်းတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)ဖြင့် လင်မယားနှစ်ဦးစလုံးကို အမှုဖွင့်လှစ်ကာ စစ်ကြောရေးပြုလုပ်ခံနေရကြောင်းမိသားစုနှင့် နီးစပ်သူများထံကသိရသည်။
” အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်ခံထားရတယ်။ ရဲစခန်းကို အသိတစ်ယောက်နဲ့ စုံစမ်းမှသိရတာ။ အမှုဖွင့်ပြီးတော့နှစ်ယောက်စလုံးစစ်ကြောရေး လုပ်ခံနေရတယ်။ဘယ်လောက်ထိတောင်ဒုက္ခခံနေရမလဲ မသိတော့ဘူး” ဟု ဖမ်းဆီးခံထားရသူCDMသားဖွားဆရာမ၏မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
အလားတူဖမ်းဆီးခံရသူကျန်းမာရေးဝန်ထမ်းလင်မယား၏နေအိမ်ရှေ့ရှိ အသက် ၄၆ နှစ်အရွယ်နှင့် အသက် ၂၂ နှစ်အရွယ် သားအဖနှစ်ဦးကိုလည်း လက်နက်တွေ့ရှိသည်ဟုအကြောင်းပြ၍ စက်တင်ဘာလ၂၄ ရက် နေ့က ဖမ်းဆီးသွားကြောင်း ဒေသခံများထံကသိရသည်။
ကြံခင်းမြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလ ပထမအပတ်ကစ၍ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် ပျုစောထီး(ပြည်သူ့စစ်)အဖွဲ့များကို CDM နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို စုံစမ်းရန်အတွက် မြို့နယ်ထွေအုပ်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ ညွှန်ကြားထားသည်။
#ကြံခင်းမြို့ #CDMကျန်းမာရေးဝန်ထမ်းလင်မယားနှစ်ဦးကို #စစ်ကောင်စီ #ဖမ်းဆီး #အကြမ်းဖက်တိုက် #ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်
#Ayeyarwaddy_Times