
ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၂၇ ရက်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်သည် ယမန်နေ့ စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းမှစတင်၍ လေကြောင်းနှင့် မြေပြင်စစ်ကြောင်းတို့မှ ပစ်ခတ် တိုက်ခိုက်မှုများပြုလုပ်ခဲ့၍ PDF ရဲဘော်အပါအ၀င် ပြည်သူ ကိုး ဦးသေဆုံးခဲ့ပြီး ဒေသခံ ၈၀ နီးပါးလည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ နေ့လယ်ပိုင်းကစတင်၍ ချောင်ဦးမြို့နယ်၊ ချောင်းဦး-ပခုက္ကူလမ်း ဘေးရှိ မကျီးခွ၊ မင်းတည်နှင့် မင်းခေါင်ကျေးရွာများကို Mi-35 ဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး အခြားရဟတ်ယာဉ်တစ်စီးမှ စစ်ကောင်စီတပ် သားများကို မြေပြင်သို့ချပေးကာ မြေပြင်စစ်ကြောင်း ထိုးမှုများ လုပ်ဆောင်ခဲ့ကြောင်း ချောင်းဦးမြို့ နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ထံကသိရသည်။
“ရဟတ်ယာဉ်နှစ်စီးလာပြီး တစ်စီးက ပတ်ပစ်တာ။ မြေပြင်စစ်ကြောင်းထိုးဖို့ကို ရဟတ်ယာဉ်နဲ့လာချတာ။ ခုလောဆယ်တော့ သေဆုံးစာရင်းကို အတည်မပြုနိုင် သေးဘူး။ အတည်ပြုလို့ရသလောက်က PDF ရဲဘော် သုံး ဦး၊ ပြည် သူ ခြောက် သေတယ်။ ဒီထက်မကလည်း ဖြစ်နိုင်တယ်”ဟု ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ မကျီးခွ၊ မင်းတည်၊ မင်းခေါင်ရွာသည် ရွာသုံးရွာ တစ်ဆက်တည်းရှိပြီး စစ်ကောင်စီတပ်က အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုး၀င်ရောက်ကာ ပစ်ခတ် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်၍ တိမ်းရှောင်ချိန်မရသည့် ဒေသခံ ၈၀ နီးပါးကိုလည်း ဖမ်း ဆီးထားကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းသည် မကျီးခွရွာအတွင်းရှိနေပြီး ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်း ကစတင်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ဒေသခံရွာသားများကို ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။
စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ထိခိုက် သေဆုံးမှုမှာ ၉ ဦးထက်မနည်း ရှိနိုင်ကြောင်းနှင့် စစ်ကြောင်းရှိနေသဖြင့် ကျေးရွာအတွင်းရှိ အခြေအနေကို အသေးစိတ် အတည်ပြု၍မရသေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။
#စစ်ကိုင်း #ချောင်းဦး #လေကြောင်းနှင့်မြေပြင်စစ်ကြောင်း #တိုက်ခိုက်ခံရ #PDFရဲဘော်နှင့်ပြည်သူ #၉ဦးသေဆုံး #ဒေသခံ၈၀နီးပါး #ဖမ်းဆီးခံရ #Ayeyarwaddy_Times