နွေဦးမောင် /ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၇ ရက်

မြန်မာနိုင်ငံတွင် စစ်ကောင်စီ အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်းမှ စတင်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) ၊ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ (PDF) မဟာမိတ်ပူးပေါင်းတပ်များက ကရင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ တပ် စခန်း ၆၂ ခုကို သိမ်းယူထားကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်ကူပြုကွန်ရက် (KPSN)၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

KPSN က ၎င်းတို့၏ အဆိုပါ ထုတ်ပြန်ချက်အစီရင်ခံစာကို စက်တင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီတပ်တွေက လုံခြုံရေးစိတ်မချရလို့ စခန်းကိုဖျက်ဆီးပြီး စွန့်ခွာတာ တွေရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ KNU/KNLA၊ KNDO နဲ့ PDF တပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင် သိမ်းပိုက်ခဲ့တဲ့ စခန်း အများအပြား ရှိသလို KNLA နဲ့ PDF ပူးပေါင်းပြီး ထိန်းသိမ်းထားတဲ့ စခန်းအမြောက် အများလည်းရှိပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ မဟာဗျူဟာကျ တည်ဆောက်ခဲ့တဲ့ စခန်းတွေမှာ အခြေကုပ် ယူထားနိုင်တာတွေလည်းရှိတယ်” ဟု မြေပြင်ရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်၏ ခြေကုပ်စခန်းများအပြင် နယ်မြေ စိုးမိုးမှုများ ရရှိနိုင်စေရန် ကြိုးစားနေပြီး ကျေးရွာများမှတဆင့် မြို့ပြများအထိ ဆက်လက် သိမ်းပိုက်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

“ ပြည်သူတွေ ထိခိုက်နစ်နာမှု့မရှိစေရေးအတွက် ဦးစားပေးလုပ်ဆောင်တယ်။ မြို့ပြတွေ ဆီကို ချိတ်ဆက်သွားလာလို့လွယ်ကူစေမယ့် အဝေးပြေးကားလမ်းမကြီး တွေနဲ့ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အတော်များများကိုလည်း နယ်မြေရှင်း လင်းရေး ဆောင်ရွက်မှုတွ လုပ်ဆောင်နေပါတယ်” ဟု မြေပြင်ရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်က ဆိုသည်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းများသည် မြေပြင် စစ်ကြောင်း ထိုးမှုများကို ဆက်လတ်လုပ်ဆောင်နိုင်ခြင်း မရှိဘဲ လေကြောင်းမှနေ၍ ဗုံးကြဲ တိုက်ခိုက်မှုများကို မကြာခဏပြုလုပ်နေကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်၏ မြို့ပေါ် အထိုင် တပ်ရင်းများက ၁၂၀-မမ ကဲ့သို့ လက်နက်ကြီးများ၊ ၈၁-မမ လက်နက်ကြီးများ အသုံးပြု၍ ကရင်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် နေထိုင်သည့် အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထား ပစ်ခတ် တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း မြေပြင် သတင်းရင်းမြစ်များ ထံက သိရသည်။

ဓာတ်ပုံ- ကေအဲန်ယူ၊ ကော်ဘရာစစ်ကြောင်း

#စစ်ကောင်စီအာဏာသိမ်း #စစ်ကောင်စီတပ်စခန်း၆၂ခု #မဟာမိတ်ပူးပေါင်းတပ်များသိမ်းပိုက် #Ayeyarwaddy_Times