
နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၇ ရက်
တရုတ် ဝမ်ပေါင်ကြေးနီ စီမံကိန်းသည် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝက်မှေးကျေးရွာကို ၎င်းတို့၏လုပ်ကွက်များနှင့် မလွတ်ဟု အကြောင်းပြကာ ပြီးခဲ့သည့် ဩဂုတ်လဆန်းမှ စတင်၍ ခြံစည်းရိုးခတ်သိမ်းယူခဲ့သည်။
ယခုအခါ အဆိုပါ ဝက်မှေးကျေးရွာတွင် စစ်ကောင်စီတပ်သားများ နေ့စဥ်ကင်းပုန်းဝပ် လှုပ်ရှားမှုများ ပြုလုပ်နေ၍ စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။
“အခုက တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်း အနီးနား တဝိုက်မှာက စစ်ကောင်စီတပ်တွေ ရဲတွေကတဖြည်းဖြည်းနဲ့ နေရာတိုးချဲ့ယူလာနေတယ်။ ခုဆိုရင် လက်ပံတောင်းတောင် ဒေသမှာနေတဲ့ ဒေသခံတွေက ရွှေလှေရွာအထိပဲ သွားလို့ရတော့တယ်။ ရွှေလှေရွာ ကျော်တာနဲ့ စစ်ကောင်စီတပ်တွေ ရဲတွေက အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးတာတွေ စစ်ဆေးမေးမြန်းတာတွေလုပ်နေတော့ သွားရတာအဆင်မပြေသလို မသွားရဲကြဘူး” ဟု မိုးကြိုးပြင်ကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တရုတ်-ဝမ်ပေါင် ကြေးနီ တူဖော်ရေး ကုမ္ပဏီသည် စစ်ကောင်စီတပ်များကို ထောက်ပံမှု များလုပ်ဆောင်၍ လက်ပံတောင်းတောင်ဒေသအတွင်းရှိ ဒေသခံအများ ပိုင်ဆိုင်သည့် ကျေးရွာများ၊ စိုက်ခင်းများကို နည်းပေါင်းစုံဖြင့် သိမ်းယူထားမှုများ လုပ်ဆောင်လာနေပြီး ခြံစည်းရိုးများကို အုတ်တံတိုင်းခတ်ကာ အခိုင်အမာကာရံလျက်ရှိကြောင်း သိရသည်။
“ဆိတ်ကျောင်း၊ သိုးကျောင်းတာနဲ့ နွားကြောင်းရတာတွေလည်းအစဥ်မပြေတော့ဘူး။ အရင်လို လွှတ်ထားလို့လည်းမရတော့ဘူး။ တောင်ပေါ်တတ်ပြီး အသီးအရွက်တွေ ရှာဖွေဖို့လည်းအဆင်မပြေတော့ဘူး။ အခုဆိုရင် စစ်ကောင်စီတပ်တွေက ကြေးနီစီမံကိန်း ထဲက တရုတ်လုပ်ကွက်တွေထဲမှာ အထိုင်ချနေလို့ ဟင်းသီးဟင်းရွက်ခူးပြီး ရှာဖွေ စားသောက်လို့ပါမရတော့ဘူး” လက်ပံတောင်းတောင် ဒေသခံ အမျိုးသမီးက ဆိုသည်။
စစ်ကောင်စီတပ်သည် လက်ပံတောင်းတောင် ပတ်ခြာလည်ရှိ ကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေပြီး ကျေးရွာများသို့ စစ်ကြောင်း ထိုးလှည့်လည် ရာတွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီက ကားများစီစဉ်ပေးထားကာ စစ်ကောင်စီတပ်သားများ စားသောက်ရန်နှင့် နေထိုင်ရန်အတွက်ပါ တရုတ်ဝမ်ပေါင်ကုမ္ပဏီက လုပ်ဆောင်ပေး ထားကြောင်း ဒေသခံများထံကသိရသည်။
ပုံစာ-တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်း
#တရုတ်ဝမ်ပေါင်ကုမ္ပဏီ #ဝက်မှေးရွာ #ခြံစည်းရိုးခတ် #စစ်ကောင်စီတပ်စခန်းချ #ဒေသခံများစိုးရိမ် #Ayeyarwaddy_Times