ဧရာ၀တီတိုင်းမ်

စက်တင်ဘာလ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် PDF တပ်ဖွဲ့၀င်ရဲဘော်များနှင့် ပြည်သူများကို စစ်ကြောင်းထိုး ၀င်ရောက်သတ်ဖြတ်မှုများပြုလုပ်ခဲ့သည့် စစ်ကောင်စီ လက်အောက်ခံ ဒုရဲအုပ်နှစ်ဦးကို ရာထူးတိုးမြှင့်ပေးခဲ့ ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်ကဖြစ်ပွားခဲ့သည့် မြင်းမူမြို့နယ်၊ မြင်းမူ-မြောင်ကား လမ်းပေါ်တွင် PDF တပ်ဖွဲ့၀င် ၂၈ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တွင် ပါ၀င်လုပ်ဆောင်ခဲ့သည့် ဒုရဲအုပ်နှစ်ဦးကို ရဲအုပ်ရာထူးသို့တိုးမြှင့်ချီးမြှင့်လိုက်ကြောင်း စက်တင်ဘာ ၂၅ ရက်နေ့က စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများနှင့်ချန်နယ်အချို့ တွင် ဖော်ပြထားသည်။

“မြင်းမူနယ်မှာ PDF ၂၈ ဦးကို သုတ်သင်နိုင်ခဲ့သည့် ဒုရဲအုပ်နှစ်ဦးကို ပြည်ထဲရေး၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ရဲအုပ်ရာထူးတာ၀န်အပ်နှင်း လိုက်သည်” ဟု စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများနှင့်ချန်နယ်အချို့တွင် ရေးသားထားသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့စစ်ကြောင်းထိုးရာမြို့ နယ်များရှိ ရဲစခန်းများတွင် အထိုင်ချတပ်စွဲ၍ စစ်ဆင်ရေးထွက်သည့်အခါတွင် ပျူစောထီးများနှင့် ရဲ တပ်ဖွဲ့၀င်များကိုပါ အင်အားဖြည့်ခေါ်ယူအသုံးပြုနေခြင်းဖြစ်ပြီး ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့၀င်များကို သတ်ဖြတ်ရာတွင် ရဲတပ်ဖွဲ့ဝင်များကပါ ပါ၀င်လုပ်ဆောင်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

“စစ်ကိုင်းမှာဆို ကျောက်ရစ်ရဲစခန်းတို့ ညောင်ပင်ကြီး ရဲစခန်းတို့က ရဲတွေဆိုတာ အမြဲလိုလိုစစ်ကြောင်း ထွက်ပါတယ်။ လူသတ်မီးရှို့နေတာလည်း ဒီကောင်တွေပဲ။ အဲဒါကြောင့် ကျွန်တော်တို့က ရဲစခန်း တွေကို တိုက်ခိုက်နေတာ”ဟု စစ်ကိုင်းတိုင်းရှိ တော် လှန်ရေးတပ်ဖွဲ့၀င် ရဲဘော်တစ်ဦးက ‌ဧရာ၀တီတိုင်းမ် ကိုပြောသည်။

အလားတူ စစ်ကောင်စီတပ်သည် ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့နံနက်ပိုင်းနှင့် ယမန်နေ့များတွင် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် အတွင်းရှိ ကျေးရွာများကို လေကြောင်းမှ အကြောင်း မဲ့ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#စစ်ကိုင်း #စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များ #သတ်ဖြတ်မှုတွင်ပါ၀င် #ရာထူးတိုးပေး #Ayeyarwaddy_Times