
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၇ ရက်
ဆက်သွယ်ရေးကွန်ရက်ပေါ်တွင် ရာဇဝတ်မှုများ အကြမ်းဖက်မှုများ လုပ်ဆောင်နေသည်ဟုဆိုကာ မှတ်ပုံတင်ထားခြင်း မရှိသော Sim Card များကို ရောင်းချသူနှင့် ဝယ်ယူသူတို့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၇၂ အရ အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်သည်။
မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ၏ အရောင်းဆိုင်များ၊ အော်ပရေတာများ နှင့်တရားဝင်စာချုပ် ချုပ် ဆိုထားသည့် အရောင်းကိုယ်စားလှယ်များ၊ အရောင်းဆိုင်များက SIM Card ကို မှတ်ပုံတင်ပြီးမှသာ ရောင်းချရမည်ဖြစ်ပြီး သုံးစွဲသူများက မှတ်ပုံတင်ပြီးသား Sin Card ကိုသာ သုံးစွဲရမည်ဖြစ်ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါသတ်မှတ်ချက်များကို ဖောက်ဖျက်ကျူးလွန်လျှင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ခြောက်လထက် မပိုသောထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးဥပဒေ ပြဌာန်းချက်အရသိရသည်။
“ SIM Card ကိစ္စက PDF တွေကို ပိုကြပ်ချင်တယ်လို့မြင်တယ်။ ဖုန်းဆင်းကတ် မှတ်ပုံမတင်တာနဲ့ ထောင်ကျရမယ့် ပုံစံဖြစ်နေပြီ။ လူတွေကို ပိုကြပ်လာတာပဲ။ တစ်ပိုင်တစ်နိုင် စီးပွားဖြစ်အနေနဲ့ အခုထိလိုင်းကားပေါ်မှာ ဆင်းကမ်လိုက် ရောင်းတဲ့သူတွေရှိသေးတယ်။ သူတို့ဟာ MYTEL ဆိုရင် အော်ပရေတာက လျော့ဈေးနဲ့ ပေးထားတာဆိုပြီးတောင် ရောင်းနေတာ ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။
ထို့ပြင် မှတ်ပုံ တင်မထားသည့် SIM Card သုံးစွဲခြင်း နှင့် လိမ်လည်မှတ်ပုံတင်ထားသည့် SIM Crad သုံးစွဲခြင်း အပါအဝင် သုံးစွဲသူများ လိုက်နာရမည့် ညွှန်ကြားချက်အတိုင်း မှတ်ပုံတင်မထားသည့် SIM Card များ ရောင်းချပါက ဥပဒေဖြင့်အရေးယူမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
မှတ်ပုံတင်ထားခြင်းမရှိသည့် SIM Card သုံးစွဲခြင်းကြောင့် ငွေကြေးလိမ်လည်ခံရမှုများအပါအဝင် ရာဇဝတ်မှုများကိုနှိမ်နှင်းရန်စုံစမ်းရာတွင် အခက်ခဲများရှိပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်လာမည်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။
လက်ရှိသုံးစွဲနေသော ဆင်းကတ်များကို နိုင်ငံသား စိစစ်ရေးကဒ်ပြားပါ အချက်အလက်အတိုင်း ပြန်လည်မှတ်ပုံတင် ရမည်ဖြစ်ပြီး အသိပေးစာတို (SMS) ရရှိပြီး ရက်ပေါင်း ၃၀ အတွင်း ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက On Way Block (အဝင်ခေါ်ဆိုမှု၊ အထွက်ခေါ်ဆိုမှု၊ ဒေတာအသုံးပြုမှုများ) ကို ကနဦး ပိတ်ထားမည်ဖြစ်ကာ ရက်ပေါင်း ၉၀ အတွင်း ပြန်လည်ပြင်ဆင်ခြင်း မရှိသည့် ဆင်းကဒ်များကိုအပြီး ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#SimCard #မှတ်ပုံတင် #ရောင်းချရန် #မလိုက်နာပါက #ရောင်းသူနှင့်ဝယ်သူကို #ဆက်သွယ်ရေးဥပဒေ #အရေးယူမည် #စစ်ကောင်စီထုတ်ပြန်
#Ayeyarwaddy_Times