
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၇ ရက်
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားများဖြင့် မြို့ပတ်ကာ ရဲတပ်သားသစ်များ စုဆောင်းနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ရဲတပ်သားသစ် စုဆောင်း စည်းရုံးရေးကို စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီမှစတင်ပြီး နေ့လည် ၂ နာရီဝန်းကျင်အထိ ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်ကာ စုဆောင်း စည်းရုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။
“ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့” “သင့်အားအလိုရှိသည်” ဟုရေးသားထားသည့် စာသားဖြင့် ကားများနှင့် မြို့ပတ်ကာ စည်းရုံးမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ကားပေါ်မှာ ဆိုင်းဘုတ်တွေထောင်ပြီး စောင်းဘောက်တွေနဲ့ သီချင်းတွေဖွင့်ပြီး မြို့ပတ် စည်းရုံးနေကြတာ၊ စာသားတွေက အစုံပဲ ရေးထားကြတာ အင်အားကတော့ ကားဆယ်ဆီးလောက်ရှိမယ်” ဟု ကော့သောင်းမြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ရဲတပ်သားသစ် စုဆောင်းရေးကို (၅၉)နှစ်မြောက် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုဆောင်း စည်းရုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် အရက်သမားနှင့် ဆေးသမားများကို စစ်ကောင်စီတပ်မှ ငွေပေး၍ တပ်သားသစ်အဖြစ် စုဆောင်းသွားခဲ့သည်။
ဓာတ်ပုံ-ရဲတပ်သားသစ်များ စုဆောင်းစည်းရုံးနေစဥ်
#သင့်အားအလိုရှိသည် #စာသား #ကားများနှင့်မြို့ပတ် #ရဲတပ်သားသစ်စုဆောင်းရေး #ကော့သောင်းမြို့တွင်ပြုလုပ် #Ayeyarwaddy_Times