နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၇ ရက်

အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ပ ကျူးကျော်စစ် အတွက် ရည်ရွယ်ထားသည့် အတွဲလိုက်ဒုံးများကို ၎င်းတို့တပ်ဖွဲ့အင်အား အလွန့်အလွန် နည်းပါးလာပြီး အခြေအနေ မဟန်တော့သည့်အခါတိုင်း အသုံးပြု တိုက်ခိုက်လာကြောင်း CDM အရာရှိများက ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်အတွင်းက ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အရှေ့ခြမ်းနှင့် ရှားတောမြို့နယ် အစပ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးများအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။

“သူတို့မှာ (စစ်ကောင်စီ) Human Power လူအင်အား အရမ်းနည်းလာတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ အကြောက်တရားနဲ့ လက်နက်ထုတ်သုံးစရာ ကုန်သွားပြီ။ လူကလည်း မရှိတော့ဘူး။ နောက်ဆုံး (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်တို့ (ဒု-ဗိုလ်ချုပ်မှူးကြီး) စိုးဝင်းတို့ကိုယ်တိုင်၊ ရှေ့တန်းစစ်မြေပြင်ကို ဗိုလ်ချုပ်ကြီးတွေ ဒုတိယဗိုလ်ချုပ်ကြီးတွေ လိုက်မှရတော့မယ်။ အဲဒါကြောင့် လူမရှိတော့လို့သာ နောက်ဆုံး ရှိသမျှလက်နက် အစွမ်းကုန် ထုတ်သုံးလာတာပေါ့။ ဘာလို့လည်းဆိုတော့ နွေဦးရဲ့အရှိန်ကို သူတို့ မမီတော့ဘူး” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ အတွဲလိုက်ဒုံးများကို အဓိကအားဖြင့် ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ဝယ်ယူပြီး စစ်ကောင်စီ၏ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးမှ ခွဲထွက်ထားသော ဒုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး (ကကဒုံး)က အဓိကကိုင်တွယ်ကာ ယင်းကကဒုံး လက်အောက်တွင် ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၁ ခုနှင့် ဒုံးတပ်ရင်း ၁၀ ရင်း ရှိကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည် အဆိုပါ အတွဲလိုက်ဒုံးများကို လွန်ခဲ့သော ၂၀၁၈/၁၉ ခုနှစ်ကာလက ရက္ခိုင့်တပ်တော်- ULA/AA နှင့် တိုက်ပွဲအရှိန်မြင့်လာချိန်တွင် အသုံးပြုရန် လုပ်ဆောင်ခဲ့သေးကြောင်း သိရသည်။

“ရခိုင်မှာတုန်းကလည်း ဒုံးတပ်ဖွဲ့တွေ၊ ဒုံးယာဉ်တွေရော ရောက်လာတယ်။ ဒါပေမယ့် အတွဲလိုက်ဒုံးတွေ ပါဝင်တိုက်ခိုက်တာမျိုး မရှိဘူး။ အခုကရင်နီ ဘက်မှာတော့ သူတို့တွေ ဖိဖိစီးစီးပေါ့နော်။ ကြည်းတပ်ရဲ့အင်အား အစွမ်းကုန်သုံးလာတာကို တွေ့ရတယ်လို့ ပြောလို့ရပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

စစ်ကောင်စီသည် ကရင်နီပြည်နယ် တိုက်ပွဲများအတွင်း အတွဲလိုက်ဒုံး Multiple Rocket Launcher System(MRLS) များကို အသုံးပြုလျက်ရှိသလို ရုရှားထုတ် BM-21 Grad ဟောင်ဝစ်ဇာ၊ တရုတ်ထုတ် ၁၂၂ မမ အတွဲလိုက်ဒုံးယာဉ်၊ ကိုရီးယားထုတ် ၁၂၂-မမနှင့် ၂၄၀ -မမ အတွဲလိုက်ဒုံးယာဉ်၊ မြောက်ကိုးရီးယား နည်းပညာသုံး M1985 စသည်တို့အပြင် ပြည်တွင်းထုတ် MAM-01 ဟူ၍ ၁၂၂-မမ အတွဲလိုက်ပစ်ဒုံးများကိုလည်း ပိုင်ဆိုင်ထားကြောင်း သိရသည်။

“(ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်အနေနဲ့ အခုလို အတွဲလိုက်ပစ် ဒုံးတွေအပြင် အခြားလူမဆန်တဲ့ လက်နက်တွေကိုလည်း သူအခြေအနေ မဟန်တိုင်းမှာ ထုတ်သုံး လာလိမ့်ဦးမယ်လို့လည်း ကျွန်တော်တို့တော့ ယူဆတယ်။ ဒီလိုဖျက်အားပြင်း လက်နက် တွေ ထုတ်သုံးလာတယ် ဆိုတာကလည်း သူတို့အတွက်တော့ ဒီလိုလက်နက်တွေ သုံးမှကို ဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်လို့ပေါ့နော်။ ဒါကလည်း တော်လှန်ရေးတပ်ဖွဲ့တွေက အကြမ်းဖက် စစ်တပ်အတွက် အများကြီး ခြိမ်းခြောက်နိုင်တဲ့ အဖွဲ့အစည်းတွေ ဖြစ်လာလို့ဖြစ်တယ်” ဟု CDM ဗိုလ်ကြီး ထက်မြတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီအနေဖြင့် ပြည်ပရန်ကာကွယ်သည့် ယခုလို ဖျက်အားပြင်း လက်နက်များ ထုတ်သုံးလာခြင်းသည် ၎င်းတို့အခြေအနေ မဟန်သည်ကို ဖော်ပြနေခြင်းဖြစ်သည်။ ထိပ်ပိုင်းအပြောင်းအလဲများ မကြာခဏ ပြုလုပ်နေသည့် စစ်ကောင်စီ၏ တပ်တွင်း အခြေအနေသည်လည်း အလွန်ယိမ်းယိုင်လာကာ စစ်သားမိသားစုများ အနေဖြင့် စိတ်ဓာတ် ကျဆင်းမှုများ မကြုံစဖူး ကြုံနေရသည့်အပြင် တပ်တွင်းအကြီးပိုင်းများ ကအစ မြေပြင်စည်းရုံးရေးများ ဆင်းနေရကြောင်း CDM ဗိုလ်ကြီး ထက်မြတ် ထံက သိရသည်။

“သူတို့ရဲ့ (တပ်တွင်းအကြီးအကဲ) လုံခြုံမှုအတွက်တောင်မှ ဘာအာမခံမှ မရှိတော့တဲ့ အနေအထားတွေအထိ ဖြစ်လာတယ်။ အတွဲလိုက်ဒုံးတွေ အသုံးပြုတိုက်ခိုက်တာက ကျွန်တော်အထင်တော့ အဓိကအကြောင်းအရင်း နှစ် ချက် ရှိပါလိမ့်မယ်ဗျ။ ပထမတစ်ခုကတော့ မသုံးလို့ မရတော့တဲ့အထိ သူတို့တွေ အခြေအနေဆိုးတွေကို ရင်ဆိုင်နေရလို့ အခုလိုထုတ်သုံးတာ ဖြစ်တယ်။ နောက်တစ်ချက်ကတော့ အခုနောက်ပိုင်း တိုက်ပွဲတိုင်းမှာ အဆုံးအရှုံးများစွာနဲ့ ရင်ဆိုင်နေရပြီးတော့ စိတ်ဓာတ်ပျက်ပြားနေတဲ့ သူတို့ရဲ့ မြေပြင်တပ်ဖွဲ့တွေကို ပြန်ပြီးစိတ်ဓာတ်မြှင့်တင်ပေးဖို့လိုတာကြောင့်လို့ ကျွန်တော် ကတော့ ယူဆမိတယ်” ဟု CDM ဗိုလ်ကြီး ထက်မြတ် က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ကရင်နီ၊ ကရင်နှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ် အသုံးပြုနေသော တာဝေးပစ် ၁၂၂ မမ ဒုံးများအပြင် တင့်ကားသုံး အမြှောက်ဗုံးသီးများနှင့် လေယာဉ်ပစ်ဒုံးများကို မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အခြေစိုက် အမှတ်(၁၀) ကာကွယ်ရေး ပစ္စည်းစက်ရုံ (က.ပ.စ-၁၀(မင်းလှ) တွင် အဓိကထုတ်လုပ်လျက်ရှိသည်။

ထို့ပြင် ပိုမိုထိရောက်မည့် တာဝေးပစ်ဒုံးများ ထုတ်လုပ်နိုင်ရန်အတွက် ရုရှားနိုင်ငံမှ နည်းပညာရှင် သုံးဦး ဦးဆောင်သော တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့မှ စစ်လက်နက် ထုတ်လုပ်ရေး ပညာရှင် ၂၀ ဦးခန့်အဖွဲ့ကို စစ်ကောင်စီက ခေါ်ယူထားကြောင်း သိရသည်။

“စစ်ကောင်စီအနေနဲ့ ပြည်တွင်းစစ်ကို အတွဲလိုက်ဒုံးတွေနဲ့ သုံးလာတဲ့ဟာကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေရော ကျယ်ကျယ်လောင်လောင် ထိထိရောက်ရောက် ဟန့်တား ထိန်းချုပ်ဖို့ လိုပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

စစ်ကောင်စီသည် မီးကုန်ယမ်းကုန် လုပ်ဆောင်လာသည့်အတွက် တော်လှန်ရေး အင်အားစုများအနေဖြင့် ကြံ့ကြံ့ခံနိုင်ရန်နှင့် စည်းရုံးရန်လိုပြီး ရန်သူ့သတင်းကိုလည်း မျက်ခြေမပြတ်စေဘဲ လက်ဦးမှုရယူ၍ သတင်းလုံရန် အင်မတန်အရေးကြီးကြောင်း ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

စစ်ကောင်စီ၏ ၁၂၂မမ အတွဲလိုက်ပစ် ဒုံး တပ်ခွဲတစ်ခွဲတွင် ဒုံးပစ်ယာဉ် သုံး စီးထားရှိကာ ဒုံးပစ်ယာဉ် တစ်စီးကို ဒုံး၄၀တစ်ပြိုင်ထဲပစ်ခတ်နိုင်ပြီး အကွာအဝေးကိုမူ ဒုံးအမျိုးအစားပေါ် မူတည်၍ သက်မှတ်ထားကြောင်း သိရသည်။

ဓာတ်ပုံ – Myanmar Defence Weapons

#ပြည်ပကျူးကျော်စစ် #အတွဲလိုက်ဒုံးများ #စစ်ခေါင်းဆောင် #စစ်ကောင်စီတပ် #အသုံးပြုတိုက်ခိုက် #Ayeyarwaddy_Times