
ဧရာဝတီတ်ုင်းမ်
စက်တင်ဘာလ ၂၇ ရက်
ဧရာဝတီတိုင်းရှိ ကျေးရွာများတွင် စက်တင်ဘာလ ၂၇ ရက်နေ့အထိ မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၂၀၀ ကျော်နှင့် မူလတန်းကျောင်းတစ်ကျောင်း အရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်း တိုင်းဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှသိရှိရသည်။
မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဇလွန်မြို့နယ်နှင့် ဟင်္သာတမြို့နယ်အတွင်းက လူနေအိမ် ၂၆၀ လုံးအရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီး ဟင်္သာတမြို့နယ်၊ ငါးဆယ်ကျွန်း ကျေးရွာရှိ အခြေခံပညာမူလတန်း(လွန် )ကျောင်း ၏ အောက်ခြေနားသို့မြစ်ကမ်းပါးပြိုကြမှု ရောက်ရှိလာသောကြောင့် ကျောင်းသားများအန္တရာယ် မဖြစ်စေရန်ဖျက်သိမ်းပြီးရွှေ့ပြောင်းပေးခဲ့ရကြောင်းတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သိရှိရသည်။
“မြစ်ရေတိုက်စားလာလို့ အရေးပေါ် ဖျက်ခိုင်းရတာ၊ လူထိခိုက်သေဆုံးတာမျိုးတော့မရှိပါဘူး။ ဖျက်ရတဲ့အိမ်တွေကိုတော့ထောက်ပံမှုတွေတောလုပ်ပေးထားတယ်”ဟု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းတဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စက်တင်ဘာလအတွင်း ရာဇူးတိုင်မြစ်ရေတိုက်စားမှုကြောင့် မအူပင်မြို့နယ်ရှိ နေအိမ် ၃၆ လုံး၊ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင် ဇလွန်မြို့နယ်နှင့်ပန်းတနော်မြို့နယ်တွင်နေအိမ် ၂၈ လုံး၊ တိုးမြစ်ရေတိုက်စားမှုကြောင့် ညောင်တုန်းမြို့နယ်တွင်နေအိမ် ၃ လုံး ရွှေ့ပြောင်းခဲ့ရသည်။
ထို့ပြင် ဟင်္သာတမြို့နယ်တွင် ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင့် ဖြတ်တာတစ်ခုကျိုးပေါက်ခဲ့ပြီး အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာမှ အိမ်ခြေ ၁၅၀ နီးပါးရေနစ်မြုရေလွှတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်း တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၏စာရင်းများအရသိရှိရသည်။
လက်ရှိတွင် နေအိမ်ဖျက်သိမ်းပြီး ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ရသည့် မိသားစုများမှာ နီးစပ်ရာဆွေမျိုးနေအိမ်နှင့် ဘုန်းကြီးကျောင်း စာသင်ကျောင်းများတွင်ယာယီနေထိုင်နေကြောင်းသိရှိရသည်။
#ဧရာဝတီတိုင်း #ကမ်းပါးပြို #သဘာဝဘေး #စစ်ကောင်စီတပ် #Ayeyarwaddy_Times