
ဧရာဝတီတိုင်းမ်
ရသေ့တောင်၊ စက်တင်ဘာလ ၂၇ ရက်
ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောကျေးရွာက အလယ်တန်းပြဆရာမ အသတ်ခံရမှုနှင့် ပတ်သက်လို့ အဓိကသံသယရှိသူနှစ်ဦးထဲက ထွက်ပြေးလွတ်မြောက်သွားသူကို ဒီနေ့ စက်တင်ဘာ ၂၆ ရက်မှာ ပြန်လည်ဖမ်းမိခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က ရသေ့တောင်မြို့နယ် ကျွန်းပေါ်ပေါက်တောကျေးရွာက ပန်းဖော်ပြင်ရွာကို စာပြသွားချိန် လမ်းမှာအသတ်ခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီအမှုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်က စစ်ဆေးနေတာဖြစ်ပြီး အဓိကသံသယရှိသူနှစ်ဦးကို အခင်းဖြစ်ပွါးပြီးတရက်အကြာ စက်တင်ဘာ ၁၇ ရက်နေ့မှာ စစ်ဆေးနေစဉ် သံသယရှိသူနှစ်ဦးထဲက တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စက်တင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
“သူ့အစ်မအိမ်မှာ ပုန်းနေတာထင်တယ်။ ဒီနေ့ နေ့လယ် တစ်နာရီကျော်လောက်မှာ အဲ့ဒီအိမ်ကပြန်ဖမ်းရတယ်ကြားတယ်။ ရွာထဲကလူတွေလည်း အဲ့လိုပြောနေကြတယ်။ သွားကြည့်လို့မရဘူး။”လို့ ကျွန်းပေါ်ပေါက်တောကျေးရွာမှ ရွာသားတစ်ဦးကပြောပါတယ်။
သူဟာ ၇ ရက်ခန့်လွတ်မြောက်နေခဲ့တာဖြစ်ပြီး ULA/AA တပ်ဖွဲ့ဝင်တွေက သူပုန်းနေတဲ့ ကျေးရွာကို ဝိုင်းဝန်းပြီး ဖမ်းဆီးတာလို့ ဆိုပါတယ်။
“ရွာကို ဝိုင်းပြီး ဝင်ဖမ်းတာလို့ပြောတယ်။အဲ့ဒီရွာကလူက ဖုန်းဆက်ပြီး ကျနော့်ကိုပြောလာတယ်။”လို့ ခေတ္တပုဏ္ဏားကျွန်းမြို့ကိုရောက်နေတဲ့ ရသေ့တောင်မြို့ဒေသခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင် အသတ်ခံခဲ့ရတဲ့ အလယ်တန်းပြဆရာမရဲ့ အစ်မဖြစ်သူကလည်း”ကျမလက်ရှိ ရသေ့တောင်မြို့ပေါ်ရောက်နေတာပါ။ ဖမ်းရတဲ့အသံတော့ပြောသံကြားတယ်။သေချာတော့မသိသေးဘူး။”လို့ ပြောပါတယ်။
ကျောင်းဆရာမအသတ်ခံရမှုမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ အဓိက သံသယရှိသူကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း ULA/AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဒီနေ့မှာပဲ ထုတ်ပြန်ပါတယ်။
(ပုံ-တရားခံပြေး ကိုမောင်မောင်အေး ၊ ပေးပို့)
(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)
#Ayeyarwaddy_Times