ဧရာဝတီတိုင်းမ်

(မင်းလှ)၊ စက်တင်ဘာလ ၂၇ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် သာယာဝတီခရိုင်PDF တပ်ရင်း(၃၈၀၂) ၊ တပ်ခွဲ-၅ တို့ ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပဲခူးရိုးမအတွင်းရှိ ဘီချောင်းကုန်းတွင် စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ငါး ဦးအထိ ပစ်သတ်ပေးခဲ့သည့် တော်လှန်ရေးရဲဘော် ကိုဘဂျမ်း(၃၈) နှစ် လည်း ကျဆုံးခဲ့ကြောင်း တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ ၅ ထံက သိရသည်။

“ကျွန်တော့တို့ဘက်က ကျသွားတဲ့ရဲဘော်ကိုဘဂျမ်းက လက်အရမ်းဖြော့င့်တယ်။ လက်ဖြောင့် တပ်သားလို့ခေါ်ရမှာ။ သူပစ်လို့ကို ရန်သူဘက်က ၅ ယောက်ကျသွားတာ။ သူကိုတော့ စစ်တပ်ရဲ့ အဝေးကျည် နှလုံးတည့်တည့် ထိပြီးသေသွားတာ။ သူကချည်း ၅ ယောက်ပစ်သတ် ခဲ့တာဆိုတော့ သူ့ကိုပဲပစ်မှတ်ထားတိုက်ခိုက်ကြတာ” ဟု တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ ၅ မှ ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်ရိုးမက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ကျဆုံးရဲဘော် ကိုဘဂျမ်းမှာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦးအထိပစ်ခတ်နိုင်ခဲ့ သည့်အတွက် စစ်ကြောင်းအတွင်းပါလာသည့် စနိုက်ပါတပ်သားတစ်ဦးက ပစ်မှတ် ထားကာ ပစ်သတ်ခံရပြီး ဝဲဘတ်ရင်အုံသေနတ်ထိမှန်သေဆုံးခဲ့ရသည်။

စစ်ကောင်စီဘက်က သာလွန်အင်အားဖြစ်နေသည့်အတွက် တော်လှန်ရေး တပ်ဖွဲ့များ ဘက်မှ အလောင်းအားပြန်လည်သယ်ထုတ်နိုင်ခြင်းမရှိဘဲ ဆုတ်ခွာခဲ့ရကြောင်းလည်း သိရသည်။

“ရဲဘော်ကျသွားတဲ့အတွက် ကျွန်တော်တို့အဖွဲ့အ‌ေနနဲ့ ဝမ်းနည်းရပါတယ်။ သူ့ရဲ့ အလောင်းကိုသယ်ထုတ်ဖို့ရသလောက် ကြိုးစားပေမဲ့ စစ်ကောင်စီဘက်က အင်အား အလုံးအရင်းနဲ့တက်လာတာရယ်၊ ကျွန်တော်တို့ဘက်က ခုခံစရာအခြေအနေလဲမရှိတော့ တာကြောင့် ပြန်ဆုတ်ခဲ့ရတယ်” ဟု ရဲဘော်ရိုးမက ဆိုသည်။

ဘီးချောင်းကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ခလရ(၁) တပ်ရင်း၊ ခလရ (၃၅) တပ်ရင်း နှင့ က.ပ.စ ပူးပေါင်းစစ်ကြောင်းမှ စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိကာ သေဆုံးတပ်သားအလောင်းများကို လိုက်ထရပ်ကား နှစ်စီးဖြင့် သယ်ဆောင်သွားကြောင်း PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ထံက သိရသည်။

ဓာတ်ပုံ – PDF တပ်ရင်း ၃၈၀၃၊ တပ်ခွဲ ၅။

#မင်းလှ #ဘီးချောင်းကုန်းတိုက်ပွဲ #စစ်ကောင်စီတပ်သား၅ဦး #ရဲဘော်ဘဂျမ်း‌ကျဆုံး #PDF #Ayeyarwaddy_Times