နွေဦးမောင် /ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၅ ရက်

ဧရာဝတီတိုင်းအတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ကျိုတ်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ မြောင်းမြ၊ ဝါးခယ်မ နှင့် မော်လမြိုင်ကျွန်း စသည့်မြို့နယ်များတွင် စစ်ကောင်စီတပ်က ပြည်သူစစ်အင်အား စုဆောင်းမှုများပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မြို့များနှင့် နီးစပ်သည့် ကျေးရွာများတွင် ပြည်သူ့စစ် အများဆုံး စုဆောင်းနေခြင်းဖြစ်ပြီး စုဆောင်းရရှိလာသည့် ပြည်သူ့စစ်များကို အဆိုပါ ကျေးရွာများတွင်ပင် ၁၅ ရက်ကြာ အလှည့်ကျ သင်တန်းပေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

“ပြည်သူ့စစ် စုဆောင်းနေတာ ဧရာဝတီတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးအဆင့် အရာရှိ တစ်ဦးနဲ့ အခြားစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတယ်။ အများဆုံး စုဆောင်း နေတာက ပန်းတနော်မြို့ဘက်က ကျေးရွာတွေမှာဖြစ်ပြီး သင်တန်းကိုလည်း အဲဒီကျေးရွာ တွေမှာပဲပေးတာ” ဟု စစ်ကောင်စီတပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်း ကိုပြောသည်။

ရှေ့တန်းရှိ စစ်ကောင်စီတပ်စခန်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား လျော့နည်း လာခြင်းကြောင့် စစ်ကောင်စီတပ်သားနှင့်အတူ စစ်ရေးတာဝန်များ ပေးရန် အတွက် လက်နတ်ငယ် သင်တန်းများကို သင်ကြားပို့ချနေခြင်းဖြစ်ကြောင်း သိရသည်။

“ချော့မော့ပြီး စုဆောင်တာတွေလည်း ရှိတယ်။ နောက် ကျေးရွာတွေမှာ ပြစ်မှု့ပြစ် ဒဏ်ရှိထားတဲ့ သူတွေကိုပါ ခြောက်လှန့်ပြီး ထည့်ထားတာတွေရှိတယ်” ဟု စစ်ကောင်စီတပ် အသိုင်းအဝိုင်းနှင့် နီးစပ်သူက ဆိုသည်။

ဧရာ၀တီတိုင်းတွင် စစ်တပ် အာဏာမသိမ်းခင်က စစ်မှုထမ်းဟောင်းများနှင့်အတူ ပွဲလမ်းသဘင်များတွင် ရပ်ရွာလုံခြုံရေးတာဝန်များပြုလုပ်ရန်၊ မြို့ပေါ်ရပ်ကွက်များတွင် အရံမီးသတ်တပ်ဖွဲ့များ နှင့် တွဲ၍ လမ်းရှင်းပေးခြင်း ၊ လုံခြုံရေးယူပေးခြင်းများ လုပ်ဆောင်ရန်အတွက် ပြည်သူစစ်သဘောမျိုး ဖွဲ့စည်းထားမှုရှိကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ပြည်သူစစ်အမည်ခံ ပျူစောထီးများကို စစ်ကောင်စီတပ်နှင့် အတူ ရှေ့တန်း စစ်မြေပြင်စခန်းများသို့ ပို့ဆောင်ရန်အဆတွက် လက်နက်ငယ်သင်တန်းများကိုပါ ဖွင့်လှစ်၍ သင်ကြားပေးနေကြောင်း ဒေသခံများထံက သိရသည်။

ပုံစာ-ပြည်သူစစ်များ

#ဧရာဝတီတိုင်းရှိမြို့နယ်များ #စစ်ကောင်စီတပ် #ပြည်သူ့စစ်စုဆောင်း #Ayeyarwaddy_Times