ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ စက်တင်ဘာလ ၂၆ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အခြေစိုက် ခလ၇ (၂၇၄) တပ်ရင်းအတွက် စစ်ကောင်စီတပ်သားများသည် ခရီးသည် ယာဉ်လိုင်းများမှတဆင့် အရပ်ဝတ်များဖြင့် ဝင်ရောက်ကာ အင်အားဖြည့်တင်း မှုများလုပ်ဆောင်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က ထိုသို့ လုပ်ဆောင်မှုများရှိနေ၍ ကင်းစောင့် တာဝန် ကျနေသော ကင်းစောင့် ရဲဘော်များအနေဖြင့် ကြပ်မတ်စစ်ဆေးမှုများ ပြုလုပ်ပေးရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)က ယမန်နေ့ စက်တင်ဘာ ၂၅ ရက်နေ့တွင် အသိပေးထုတ် ပြန်သည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီက ရိက္ခာအင်အားဖြည့်တင်းရန် စစ်ကိုင်းတိုင်း၊ ကလေမြို့လမ်းကြောင်းနှင့် မကွေးတိုင်း၊ ကျောက်ထုလမ်းကြောင်းတို့ကို အဓိကအသုံး ပြုနေပြီး တားဆီးပိတ်ဆို့နိုင်ရန် ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ကြိုးစားလျက်ရှိ ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ထံကသိရသည်။

ချင်းပြည်နယ်ဘက်သို့ စစ်ကောင်စီတပ်က အများပြည်သူခရီးသွားယာဉ်များကို အသုံးပြု၍ အရပ်ဝတ်ဖြင့် ဝင်ရောက်ပြီး စစ်ရေးဆိုင်ရာ အင်အားဖြည့်တင်းမှုတို့ကြောင့် ဒေသခံချင်းတိုင်းရင်းသားများမှအပ ပြည်ပမှ ခရီးသည်များဝင်ရောက်ခြင်းကို တာမြစ်ကြောင်းနှင့် အရေးကြီးကိစ္စရှိပါက သက်ဆိုင်ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထောက်ခံစာဖြင့်သာ ဝင်ရောက်ခွင့်ပြုကြောင်းချင်း အမျိုးသားတပ်ဦးက ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မင်းတပ်မြို့ပေါ်တွင် ပြီးခဲ့သည့် စက်တင်ဘာ လဆန်းပိုင်းက ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ သုံးကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ဘက်က တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့ ရဲဘော်တစ်ဦးကျဆုံးတာရှိပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက် သေဆုံးမှု တွေရှိပါတယ်။ နောက်မှ တိုက်ပွဲသတင်းတွေ ထုတ်ပြန်ပေး ကြပါလိမ့်မယ်ခင်ဗျ။ တိုက်ပွဲတွေ အမြဲဖော်ဆောင်နေပေမယ့် သတင်းထုတ်ပြန်တဲ့ အပိုင်းမှာ စစ်ရေးသတင်းမကျိုးပေါက်အောင် ခြေသံလုံလုံနဲ့ ချင့်ချိန်ပြီး သတိထားလုပ်နေရလို့ နားလည်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်”လို့ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာနမှ အဖွဲ့ဝင်ဆလိုင်းမင်းတပ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဓာတ်ပုံ-ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)တပ်ဖွဲ့ဝင်များ

#မင်းတပ်မြို့ #စစ်ကောင်စီတပ် #အရပ်ဝတ်များ #ခရီးသည်ယာဉ်လိုင်းများမှတဆင့် #အင်အားဖြည့်တင်း #Ayeyarwaddy_Times