နွေဦးမောင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၆ ရက်

ပဲခူးရိုးမအနီးရှိ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ အုပ်ဖိုမြို့နယ် နှင် ရေစကြို မြို့နယ်များအတွင်း စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ပြည်သူများအနေဖြင့် သွားလာခြင်းမပြုရန် သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) အမှတ်-၂ စစ်ဒေသခွဲ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည့် အဆိုပါနေများတွင် စစ်ကောင်စီတပ်မှ အရပ်သား ပြည်သူများအား လူသားဒိုင်းအဖြစ် အသုံးချခြင်းများရှိနေ၍ ပြည်သူများအနေဖြင့် စက်တင်ဘာလ ၂၅ ရက်နေ့မှ စတင်၍ သွားလာခြင်းမပြုလုပ်ရန် ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

“စစ်ကောင်စီတပ်က ထိတွေ့တိုက်ပွဲများဖြစ်ရာနေရာတွေမှာ အပစ်မဲ့အရပ်သား ပြည်သူများကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးချတာရှိတယ်။ စစ်ကောင်စီတပ်တွေ အသုံးပြုနေတဲ့ အရပ်အိမ်စီးကားတွေ အနီးအနားမှာ ပြည်သူတွေ သွားလာလှုပ်ရှားမှုတွေရှိတာကြောင့် ပစ်ခတ်တာတွေ၊ မစ်ရှင်ဖော်ဆောင်တာတွေကို မလုပ်ခဲ့ရတာတွေရှိတယ်။ ဒါကြောင့် အသိပေးစာထုတ်ပြန်တာပါ” ဟု သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပဲခူးရိုးအတွင်းရှိ ဘီးချောင်းကုန်းတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီက အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၁၆ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ဦး ကျော်အထိ ရှိကြောင်းသိရသည်။

အဆိုပါ တိုက်ပဲတွင် တော်လှန်ရေးတပ်ဖွဲ့ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်က ယာစောင့်တဲ့ သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) တာဝန်ရှိသူထံက သိရသည်။

#ပဲခူးရိုးမအနီးရှိမြို့နယ်များ #စစ်ကောင်စီတပ် #ထိတွေ့တိုက်ပွဲဖြစ်ပွား #တပ်ရင်း၃၈၀၂ #ပြည်သူများသွားလာမှုမပြုရန် #သတိပေး #Ayeyarwaddy_Times