နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၂၆ ရက်

မကွေးတိုင်း၊ အထက်မင်းလှမြိုနယ်၊ လက်ပံတံခါးကျေးရွာရှိ နယ်မြေရဲစခန်းအား ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက်ပိုင်းမှ စတင်၍ PDF မဟာမိတ်တပ်ဖွဲ့များက စခန်းသိမ်း တိုက်ပွဲဖော်ဆောင်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း PRA မကွေးထံက သိရသည်။

အဆိုပါရဲစခန်းကို PDF မဟာမိတ်အဖွဲ့များဖြစ်သည့် လူထုတော်လှန်ရေးမဟာမိတ် အင်အားစု (PRA Magway) ၊ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (မကွေးပကဖ) ၊ အရှိချင်း ကာကွယ်ရေးတပ် (ACDF) နှင့် Key of Revolution ပြောက်ကျားတပ်ဖွဲတို့၏ ပူးပေါင်းစစ်ကြောင်းက ယနေ့နံနက် ၁ နာရီ ၂၇ မိနစ်မှ ၂ နာရီ ၁၄ မိနစ်အထိ ၄၅ မိနစ်ကြာ ချဉ်းကပ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲရဲ့ အခြေအနေကတော့ ရန်သူ့စခန်းနား အနီးဝန်းကျင်ကို ကျွန်တော်တို့ တိတ်တဆိတ် ချဉ်းကပ်တယ်။ ပြီးတဲ့အခါမှာ ဘေးဘယ်ညာကနေ ကျွန်တော်တို့ လက်နက်ကြီးနဲ့ စပစ်ပြီးတော့ လက်နက်ငယ်တွေနဲ့ စုပြုံပြီးတော့ ပစ်ခတ်ကြတယ်။ တိုက်ပွဲကတော့ ၄၅ မိနစ်လောက် ကြာတယ်။ နောက်ပိုင်းမှာ မြေပြင် အခြေအနေအရရော၊ ရန်သူ့ရဲ့ ပစ်အားကို မယှဉ်နိုင်တာရောကြောင့် ကျွန်တော်တို့တွေ ပြန်ပြီးဆုတ်ခွာခဲ့ရတယ်” ဟု PRA မကွေးစစ်ရေးချုပ် နောင်သူရိန်က ဧရာဝတီတိုင်းမ် ကို ပြောသည်။

ထိုသို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှလက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် ခုခံခြင်း၊ စက်လက်များဖြင့် တရစပ်ပစ်ခတ်သောကြောင့် အချိန်ကြာမြင့်သည့်တိုင် စခန်းသိမ်းနိုင်ခြင်းမရှိဘဲ ဗျူဟာမြောက်စနစ်တကျ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“ဒီစစ်ဆင်ရေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ စခန်းသိမ်းဖို့အထိ ကျွန်တော်တို့ ရည်ရွယ်တာပေါ့။ ဒါပေမယ့် မြေပြင်အနေအထားရော၊ တဖက်က ရန်သူရဲ့ လက်နက်ကြီးပစ်အားကိုရော ကျွန်တော်တို့ မယှဉ်နိုင်တဲ့အခါမှာ စခန်းထဲကို ထိုးပေါက်ဝင်ရောက်ဖို့ မဖြစ်နိုင်ခဲ့ဘူး။ နောက်တစ်ချက်ကတော့ မြေပြင်အနေ အထားပေါ့။ ကျွန်တော်တို့ဘက်က ကျည်ကွယ်မျက်ကွယ် မရှိတဲ့အနေအထားမျိုးမှာ ကျွန်တော်တို့ ခက်ခက်ခဲခဲ စခန်းနားကို ချဉ်းကပ်ခဲ့ရတယ်” ဟု စစ်ရေးချုပ် နောင်သူရိန်က ဆိုသည်။

အဆိုပါတိုက်ပွဲတွင် လက်ပံတံခါးရဲစခန်းမှ ကနဦးအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါး ဦး သေဆုံးခဲ့ကြောင်း မြေပြင်သတင်း အချက်အလက်များအရ အတည်ပြုနိုင်ခဲ့ပြီး ဒဏ်ရာရသူ အရေအတွက်မှာလည်း များပြားကြောင်း သိရှိရသည်။

မဟာမိတ်တပ်ဖွဲ့များဘက်ကမူ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိဘဲ လုံခြုံရာသို့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး အသေးစိတ်အခြေအနေကို အတည်ပြုနိုင်ရန် ကြိုးစားလျက်ရှိကြောင်း PRA မကွေးထံက သိရသည်။

“တိုက်ပွဲဖြစ်ပွားပြီးတော့ မိုးလင်းတဲ့အခါမှာ စစ်ကောင်စီဘက်က စစ်ကားနှစ်စီး ပုသိမ်-မုံရွာလမ်းဘက်ကနေ ဝင်လာပြီးတော့ အင်အားဖြည့်တင်းတာတွေ ရှိတယ်။ နောက်တစ်ခုက အဲဒီနယ်မြေနားတဝိုက်ကို တောနင်းမယ်ဆိုပြီး အသံတွေ ထွက်နေတယ်။ သူတို့ တောနင်းဖို့ ပြင်ဆင်နေတာတွေ ရှိတယ်။ ကျေးရွာတွေထဲကို ဝင်မွှေတယ်ဆိုတဲ့ အသံမျိုးတွေ ကြားနေရတယ်။ ဘယ်ရွာတွေလည်းဆိုတာ အတိအကျ သိရအောင် ကျွန်တော်တို့ စုံစမ်းနေပါတယ်” ဟု PRA မကွေး၏ စစ်ရေးချုပ် နောင်သူရိန်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များအနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်း လွတ်မြောက်ရေးတို့အတွက် စည်းလုံးညီညွတ်စွာ ဆက်လက်ချီတက်၍ စစ်ရေးအရှိန်မြှင့် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – PRA မကွေး

#အထက်မင်းလှမြို့ #လက်ပံတံခါးရဲစခန်းစခန်းသိမ်းတိုက်ပွဲ #မဟာမိတ်တပ်ဖွဲ့ #စစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦးသေဆုံး #အများအပြားဒဏ်ရာရ #PRAမကွေး #Ayeyarwaddy_Times