နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၆ ရက်

အာဏာသိမ်း စစ်ကောင်စီ၏ ပြည်ထဲရေး ဒုတိယဝန်ကြီး၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် တရုတ်နိုင်ငံတွင် ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပူး ပေါင်းဆောင်ရွက်မှု ညီလာခံ ၂၀၂၃ သို့ တက်ရောက်၍ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကို ရည်ညွန်း၍ ဒရုန်းကိစ္စ ဆွေးနွေး ပြောဆိုခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရ၏ ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ညီလာခံ ၂၀၂၃ ကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာစစ်ကောင်စီအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်နှင့် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၊ လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စင်တာ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်း စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

“အကြမ်းဖက်သမားတွေက Drone (မောင်းသူမဲ့ယာဉ်) တွေ အသုံးပြုလာတာဟာ အနာဂတ်မှာစိန်ခေါ်မှုတစ်ရပ် ဖြစ်လာမှာဖြစ်တယ်။ ဒုစရိုက်သမားတွေနဲ့ ဒုစရိုက်ဂိုဏ်း တွေရဲ့ လက်တွင်းကို ဒရုန်း အပါအဝင် စွမ်းအားမြှင့် လက်နက်တွေ မရောက် ရှိစေဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ၊ ဒေသဆိုင်ရာနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရမယ်” ဟု စစ်ကောင်စီ၏ ပြည်ထဲရေး ဒုတိယဝန်ကြီး၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ပြောဆိုခဲ့သည်။

အဆိုပါညီလာခံကို တရုတ်အစိုးရ၏ နိုင်ငံတော်အကြံပေးနှင့် ပြည်သူ့လုံခြုံရေးဝန်ကြီး မစ္စတာ ဝမ်ရှောင်ဟုန်လည်း တက်ရောက်ခဲ့သလို ကမ္ဘာ့လုံခြုံရေးအပေါ် ကြိုတင်ခန့်မှန်းခြင်း၊ ပြည်သူ့လုံခြုံရေးအတွက် ဘက်စုံထောင့်စုံမှ စုပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း၊ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာအစီအစဉ်များ တိုးမြှင့်ပြုလုပ်ခြင်း၊ လုံခြုံမှုရှိခြင်းကြောင့် ရရှိလာသည့် ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုများကို မျှဝေခံစားခြင်း စသည့် ခေါင်းစဉ် ၄ ရပ်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံဖြစ်သည့် GSI ကို စစ်ကောင်စီအနေဖြင့် အစောဆုံး ထောက်ခံခဲ့ပြီး ထိုသို့ထောက်ခံခြင်းအားဖြင့် နိုင်ငံတကာ မျက်နှာစာတွင် တရုတ်ထံမှ သံတမန်ရေး အကာအကွယ်များ ပိုရလာရန် ရည်ရွယ်ပုံရကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP-Myanmar) က ထုတ်ပြန်ထားသည်။

ယင်း GSI ပါ ကတိကဝတ်များသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲမှုကို လေးစားလိုက်နာရေး၊ ပြည်တွင်းရေး ကိစ္စရပ်များတွင် ဝင်ရောက်မစွက်ဖက်ရေးတို့ ပါဝင်သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး ငါး ရပ်နှင့် လိုက်လျောညီထွေရှိသဖြင့် ထောက်ခံကြိုဆိုကြောင်း ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က တရုတ်လုံခြုံရေး ညီလာခံတွင် ပြောကြားခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီသည် လက်ရှိအနေအထားအရ အကျပ်အတည်းများနှင့် ကြုံတွေ့နေရပြီး အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရေးသည်လည်း ပြေလည်မှုမရှိ၍ တရုတ်၏ ထောက်ခံမှုရယူနိုင်ရန် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်လာကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။

စစ်တပ်၏ အာဏာသိမ်းမှုအလွန် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ အခြေတည်ရာ ဖြစ်လာသည့် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် တရုတ်-မြန်မာ-ထိုင်း-လာအို လေးနိုင်ငံ စစ်ဆင်ရေးနှင့် နှိမ်နှင်းရန် ကြိုးပမ်းလာသလို မြန်မာ-တရုတ် နှစ်နိုင်ငံ စစ်ကောင်စီသည် တရုတ်နှင့် သံခင်းတမန်ခင်းအရ လုပ်ဆောင်ခြင်းများလည်း ရှိနေပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် တရုတ်-မြန်မာ-ထိုင်း-လာအို လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုရန်အတွက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အထူးလှုပ်ရှားမှု အထွေထွေညှိနှိုင်းရေး စင်တာတစ်ခုကိုလည်း တည်ထောင်ရန် ရှိနေကြောင်း သိရသည်။

ယင်းအပြင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စတာချင်ကန်း၏ ယခုနှစ်မေလ အစောပိုင်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီကို ဖိအားပေးမှုများရှိခဲ့သည်။

ထိုကြောင့် GSI အရ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လာမည့် အခြေအနေတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ နှိမ်နှင်းရေးကို လတ်တလောတွင် စစ်ကောင်စီက ပိုမိုလုပ်ဆောင် လာနိုင်ကြောင်း ISP-Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ

ပုံစာ- တရုတ်အစိုးရ၏ ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ညီလာခံ (၂၀၂၃)

#စစ်ကောင်စီ #တရုတ်အစိုးရ #GSI ညီလာခံ #NUG #PDF #ဒရုန်း #Ayeyarwaddy_Times