
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၆ ရက်
ဆီဗာစတိုပူလ်မြို့ရှိ ရုရှား ပင်လယ်နက်ရေတပ်ဌာနချုပ်ကို ပြီးခဲ့တဲ့အပတ်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ ရာ ရုရှား ထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ဉီးနဲ့ အခြားအဆင့် ၃၃ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်း အထူးတပ်ဖွဲ့က ပြောပါတယ်။
ရုရှားရေတပ်ရဲ့ ဝါရင့်ရေတပ်အရာရှိတစ်ဉီးဖြစ်တဲ့ ပင်လယ်နက်ရေတပ်ရဲ့တပ်မှူး ဗိုလ်ချုပ်ကြီး ဗစ်တာ ဆိုကိုလော့ဗ် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်း ရှိ မရှိဆိုတဲ့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကို ရုရှား ကာ ကွယ်ရေးဝန်ကြီးဌာနက အတည်မပြုသလို ငြင်းဆန်ခြင်းလည်း မရှိပါဘူး။
ဆီဗာစတိုပူလ်ရှိ ရုရှားကခန့်အပ်ထားတဲ့ အာဏာပိုင်တွေက ခရိုင်းမီးယားဒေသအပေါ် ယူကရိန်းရဲ့ တိုက် ခိုက်မှုတွေ အရှိန်မြှင့်လာတဲ့အပေါ် ဖြေရှင်းမယ့် အထူးအစီအမံတွေ လုပ်ဆောင်နေပါတယ်။
ယခုသတင်းကိုသာ အတည်ပြုပါက ဗိုလ်ချုပ်ကြီး ဆိုကိုလော့ဗ် သေဆုံးမှုမှာ ရုရှားက ၂၀၁၄ ခုနှစ်မှာ ကျူးကျော်သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသအပေါ် ယူကရိန်းရဲ့ အထိရောက်ဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်လာ မှာဖြစ်ပါတယ်။
“ရုရှား ပင်လယ်နက်ရေတပ်ဌာနချုပ်အပေါ် ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် အရာရှိ ၃၄ ဉီး သေဆုံးခဲ့ပြီး ၁၀၅ ဉီး ဒဏ်ရာရရှိခဲ့ပါတယ်။ ရုရှားရေတပ်ဌာနချုပ် အဆောက်အအုံကို ပြုပြင်လို့မရတော့ပါဘူး” လို့ ယူကရိန်း အထူးတပ်ဖွဲ့က ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်တစ်ဉီး ပျောက်ဆုံးနေပြီး ဒုံးကျည် ၅ စင်းကို ပျက်ချခဲ့ တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ယူကရိန်းနိုင်ငံဟာ ပင်လယ်နက်နဲ့ ခရိုင်းမီးယားကျွန်းဆွယ်အပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်ခဲ့ပြီး ဒုံး ကျည်တွေအပြင် ဒရုန်းတွေပါ အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။
ယူကရိန်းက ပင်လယ်နက်သင်္ဘောကျင်းတစ်ခုကို ခရုဇ်ဒုံးကျည် ၁၀ စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒီလအ စောပိုင်းမှာ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Ukraine says Russia Black Sea Fleet commander killed; no comment by Moscow