ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၂၆ ရက်
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်အတွင်းမှာ ဖွဲ့စည်းထားသည့် ပုဂံပြည်ဘီလူးတပ်ဖွဲ့ အမည်ကို အသုံးပြု၍ ဒေသခံအချို့ဆီက ခြိမ်းခြောက်ငွေတောင်းခံမှုများ ပြုလုပ်နေ ကြောင်း သိရသည်။

အမည်မသိ လူတစ်စုသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်က စတင်၍ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်း၊ ကျောက်ပန်းတောင်း-လက်ပံပျားကားလမ်းတွင် ရှိသည့် ဆိုင်ပိုင်ရှင်များထံ ခြိမ်းခြောက်ငွေတောင်းခံမှုများ ပြုလုပ်နေကြခြင်းဖြစ်ကြောင်း ပုဂံပြည်ဘီလူးတပ်ဖွဲ့ခေါင်း ဆောင် ထံက သိရသည်။

“ဆိုင်ပိုင်ရှင်တွေဆီကို ဖုန်းဆက်ပြီး ပိုက်ဆံတောင်းတာပါ။ ကျွန်တော်တို့ တပ်ဖွဲ့နာမည်သုံးပြီးတော့ မပေးရင် ဗုံးခွဲမယ်၊ သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ငွေတောင်း နေတာပါ။ ကျွန်တော်တို့အဖွဲ့မဟုတ်ပါဘူး။ စစ်ကောင်စီဘက်ကလူတွေလို့ ထင်တယ်”ဟု ပုဂံပြည်ဘီလူး တပ်ဖွဲ့ခေါင်းဆောင် ကိုဇီးကွက်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ညောင်ဦးခရိုင်အတွင်းတွင် စစ်ကောင်စီက ပုဂံပြည်ဘီလူး တပ်ဖွဲ့ကို ပြည်သူများ အထင်မြင်လွဲမှားစေရန် နည်းလမ်းအမျိူးမျိုးဖြင့် ပုံရိပ်ဖျက် လုပ်ဆောင်နေပြီး ပုဂံပြည် ဘီလူးတပ်ဖွဲ့အနေဖြင့် ပြည်သူများထံမှ ငွေကြေးတောင်းခံခြင်း မည်သည့်အခါမျှ‌ ပြုလုပ်မည်မဟုတ်ကြောင်း တပ်ဖွဲ့ခေါင်းဆောင် ကိုဇီးကွက်က ပြောကြားသည်။

ဓာတ်ပုံ-ပုဂံပြည်ဘီလူးတပ်

#မန္တလေး #ညောင်ဦး #ပုဂံပြည်ဘီလူးတပ်အယောင်ဆောင် #ခြိမ်းခြောက်ငွေတောင်းခံ #Ayeyarwaddy_Times