
ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၀ ရက်
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းနဲ့တနင်္သာရီမြို့နယ်အတွင်းက PDF ၃ ဦးလက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက် လာတယ်လို့ ဇူလိုင်လ ၁၈ ရက်နေ့က စစ်ကောင်စီဘက်ကထုတ်ပြန်လာပါတယ်။ စစ်ကောင်စီဝါဒဖြန့် မြဝတီရုပ်သံသတင်းမှာ အလင်းဝင် PDF ဆိုသူ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးကိုမျက် နှာတွေဝါးကာဖော်ပြလာတာဖြစ်ပြီးတော့ အဲ့ဒီထဲက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးဟာ လင်မယားတွေဖြစ်ပြီး လွန်ခဲ့တဲ့ ၅ လ ကျော် ဖေဖော်ဝါရီလအတွင်းက PDF အဖွဲ့မှ ထွက်ပြေးသွားသူများဖြစ်ကာ ကျန် ၁ ဦးကိုတော့ မသိရှိဘူးလို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (မြိတ်)က တာဝန်ရှိသူတဦးက ပြောပါတယ်။
PDF ထဲကထွက်ပြေးပျောက်ဆုံးနေ တဲ့သူတွေဟာ အသက် ၄၆ နှစ်အရွယ် ချစ်ကောင်း (ခ)ဆန်းနိုင် ဆိုသူနဲ့ သူ့ရဲ့ဇနီးဖြစ်ပြီး သူတို့ဟာ PDF ထဲကိုမရောက်ရှိခင်က ဘုတ်ပြင်းမြို့နယ်၊ချောင်းမွန်ငါးရွာမှာနေထိုင်တာဖြစ်ကာ အာဏာသိမ်းမှုမဖြစ်ခင်က စစ်ကောင်စီတပ်ကထွက်ပြေးလာတဲ့ တပ်ပြေးတဦးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သူတို့စခန်းကထွက်ပြေးသွားချိန်မှာ လက်နက်ခဲယမ်းတွေပါသွားတာမျိုးမရှိဘဲ လက်နက်နဲ့အတူလို့ဖော် ပြတာဟာ စစ်ကောင်စီရဲ့ဝါဒဖြန့်ခြင်းသာဖြစ်တယ်လို့ ပြောပါတယ်။
” အဲ့ဒီသူတို့ထုတ်ပြန်လာတဲ့ ၃ ယောက်ထဲက အင်္ကျီအဖြူနဲ့လူနဲ့အမျိုးသမီးက လင်မယား။ နောက်တယောက်ကိုတော့ ကျနော်တို့မသိဘူး။ သူက အာဏာမသိမ်းခင်ထဲက စကစ တပ်ကနေပြေးလာပြီးအာ ဏာသိမ်းပြီးတော့ PDF ထဲရောက်လာတယ်။ CDM မဟုတ်ဘူး။ PDF ထဲကနေ ထွက်ပြေးသွားတာ ၅ လ ကျော်လောက်ရှိပြီပေါ့။ နဂိုထဲက စစ်ကောင်စီတပ်ကတပ်ပြေးဆိုတော့တော်လှန်ရေးစိတ်ဓာတ်ခိုင်ခိုင်မာမာမရှိဘဲ စစ်ကောင်စီဘက်ကိုအညံ့ခံသွားတာလို့ယူဆရတယ်။ သွားတုန်းကတော့ လက်နက်ပါသွားတာမျိုးမရှိဘူး၊ စစ်ကောင်စီက ဖော်ပြတဲ့သေနတ်မျိုးတွေလည်း ကျနော်တို့မသုံးဘူး” လို့ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ -မြိတ်) တာဝန်ရှိသူတဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
အဆိုပါ လင်မယား ၂ ဦးဟာ တနင်္သာရီမြို့နယ်အတွင်းက PDF အဖွဲ့ငယ်တခုကဖြစ်ပြီး တပ်ဖွဲ့က ထွက်ပြေးသွားတာကြာမြင့်ပြီဖြစ်တဲ့အတွက် ဒေသတွင်း PDF တွေနဲ့ စခန်းတွေရဲ့လုံခြုံရေးအတွက် စိုးရိမ်စရာမရှိဘူးလို့ဘုတ်ပြင်းမြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကလည်းပြောပါတယ်။
” ကျနော်တို့လည်း အဲ့ဒီလင်မယားကိုသိပါတယ်။ တနင်္သာရီမြို့နယ်ထဲက အဖွဲ့ငယ်လေးတခုကပေါ့။ ကျနော်တို့စခန်းတွေနဲ့ မစ်ရှစ်တွေကို သူတို့သိပ်မသိကြဘူး။ ထွက်သွားတာက ၅ လကျော်လောက််ရှိပြီ။ လုံခြုံရေးပိုင်းနဲ့ပတ်သက်လို့စိုးရိမ်စရာမရှိဘူး။ အခုမှ စကစ က မနေ့တနေ့ကထွက်လာသလိုထုတ်ပြန်လာတာ” လို့ သူကပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ အဲ့ဒီလူ ၃ ဦးဟာ PDF တွေဖြစ်ပြီး ပထမဆုံးအကြိမ်လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာသူတွေဖြစ်တယ်လို့ဝါဒဖြန့် ထုတ်ပြန်ထားတာပါ။ စစ်ကောင်စီက ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းကစလို့ PDF တွေအလင်းဝင်လာတယ်လို့ ဆက်တိုက်ဖော်ပြနေပေမယ့် သက်ဆိုင်ရာဒေသကာကွယ်ရေးတပ်ဖွဲ့တွေကတော့ အဲ့ဒီသူတွေဟာ စစ်ကောင်စီနဲ့ညှိနှိုင်းထားသူတွေသာဖြစ်ပြီး မြေပြင်မှာလှုပ်ရှားနေသူတွေမဟုတ်ဘူးလို့ အသီးသီးပြောဆိုထားပါတယ်။