
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၅ ရက်
အင်တာနက် အခြေပြုကုန်စည်နှင့် ဝန်ဆောင်မှုရောင်းချနေသော အွန်လိုင်းဈေးဆိုင်များသည် အောက်တိုဘာ ၂ ရက်နေ့မှစတင်ကာ မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်ကြေး ခန့်မှန်းခြေ ကျပ် ၅၀၀၀ ခန့်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ကုန်သွယ်ရေးဆိုင်ရာ eComReg System ကို အောက်တိုဘာလ ၂ ရက်နေ့တွင်စတင်မည်ဖြစ်ပြီး Online Sales မှတ်ပုံတင်ခြင်းကို Online စနစ်ဖြင့် ကိုယ်တိုင် Register ပြလုပ်ရမည်ဖြစ်ကာ မှတ်ပုံတင်ကြေးမှာ ကျပ် ၃၉၀၀ ခန့် ရှိမည်ဖြစ်ကြောင်း online shop ရောင်းသူလုပ်ငန်းရှင်တစ်ဦးထံက သိရသည်။
“ကျွန်မလဲ Online shop လုပ်နေသူတစ်ယောက်ပါ။ Online registration နဲ့ပတ်သက်ပြီးသိခဲ့တာလေးကို Sharing လုပ်ပေးတာပါ။ Covid ကာလကစပြီး နိုင်ရာလေးတွေနဲ့ အလုပ်စလုပ်ကြတာဆိုတော့လေ။ မှတ်ပုံတင်ကြေးတို့ ထောက်ခံစာ တို့က အခက်အခဲမရှိပါဘူး။ လူတိုင်းသင့်တင့်တဲ့ ပမာဏသာ ကောက်ခံမယ်လို့ ကြားရတယ်ဟု ” ဟု online shop ရောင်းချသူ က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထိုသို့ Online Registration ပြုလုပ်ရာတွင် အွန်လိုင်းဈေးဆိုင်၏ လုပ်ငန်း နာမည် ၊ Logo ၊ ရပ်ကွက်ထောက်ခံစာ နှင့် ရဲစခန်းထောက်ခံစာလိုအပ်မည်ဖြစ်ကြောင်း သိရသည်။
မည်သည့်ထုတ်ကုန်ပစ္စည်းမဆို ကိုယ်ပိုင်ပစ္စည်းဖြန့်ဝေ ရောင်းချ သည်ဖြစ်စေ ၊ ပြန်ယူ၍ ရောင်းချသည်ဖြစ်စေ Online ဖြင့် အသုံးပြုသူများအားလုံး မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။
“အစ်မတို့ကတော့ အလုပ်ရှုပ်လို့ မှတ်ပုံတင်မနေဘူး။ လုပ်ငန်းလုပ်တာ ရဲစခန်း ထောက်ခံစာလိုတာ ဘယ်နိုင်ငံမှမရှိဘူး။ သပ်သပ်လုပ်တာ” ဟု online မှ အဝတ် အထည်ရောင်းသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိလူမှုကွန်ရက်ပလက်ဖောင်းမှ ဈေးရောင်းဈေးဝယ်ပြုလုပ်ရာတွင် Facebook ၊ Tiktop အပါအဝင် Instagram တို့မှ စားသောက်ကုန်၊ အဝတ်အထည်၊ အလှကုန်များအပါအဝင် လူသုံးကုန်ပစ္စည်းများရောင်းဝယ်လျက်ရှိကြောင်း online shop ဝယ်ယူသူများထံက သိရသည်။
လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ Online တွင် မှတ်ပုံတင်ခြင်းမရှိဘဲ ရောင်းချနေသူများကို အရေးယူမည်ဖြစ်ပြီး စည်းကမ်း ဖောက်ဖျက် သောဆိုင်များကို မှတ်ပုံတင်ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းပြုမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနထံက သိရသည်။
စစ်ကောင်စီသည် တပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိသည့် Online Shop ရောင်းဝယ်ရေးလုပ်ငန်းများ မှတ်ပုံတင်ရမည်ဖြစ်ကြောင်းကို ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
အရပ်သားအစိုးရ NLD လက်ထက် ၂၀၂၀ ပြည့်နှစ်တွင် e – Commerce စနစ်ဖြင့် Online Shop များ မိမိဆန္ဒအလျောက်မှတ်ပုံအခမဲ့တင်နိုင်ရန် နှင့် ရောင်းသူဝယ်သူများ အငြင်းပွားမှုများဖြစ်ပေါ်ပါက ဥပဒေလမ်းကြောင်းအရ ဖြေရှင်းနိုင်ရန် ဆောင်ရွက် မှုများရှိ ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#အွန်လိုင်းဈေးဆိုင်များ #register #အောက်တိုဘာလ #မှတ်ပုံတင်ကြေး၅၀၀၀ #Ayeyarwaddy_Times