ရဲရင့်နွေဦး / ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၂၅ ရက်
“တချိန်က အတန်အသင့်လွတ်လပ်တဲ့အစိုးရအောက်မှာ ပညာရှင်တွေစုစုစည်းစည်း လုပ်ဆောင်ကြတယ်။ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းစဉ်းစားခဲ့ကြပေမယ့် အခုလို အာဏာတည်မြဲရေး တစ်ခုကိုသာသိတဲ့ သူတွေအောက်မှာ ထိရောက် တဲ့ ကြိုတင်ပြင်ဆင်မှုတွေ အရေးပေါ်တုံ့ပြန်မှုတွေကို မမျှော်လင့်နိုင်တဲ့ အတွက် ပြည်သူများအနေနဲ့ မိမိတို့မိသားစုအတွက် ကိုယ်တိုင်ပြင်ဆင်ကြပါ။ အခြားသူတွေကို လည်း အကြံဉာဏ် ပေးမျှဝေကြပါ” (NUG လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်း)
ရန်ကုန်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက် ည ၈ နာရီ ၅၅ မိနစ်ခန့်က အင်အားရစ်(ခ်)တာစကေး ၅.၁ အဆင့်ရှိ ပြင်းထန်သိသာသည့် ငလျင်လှုပ်ခတ်ခဲ့ပြီး ရန်ကုန်မြို့ရှိ တိုက်ခန်းနှင့်နေထိုင်သူများ တိုက်အောက်ဆင်း၍ ငလျင်ဘေးရှောင်နေသည်ကို တွေ့မြင်ရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇွန်လမှ ယခု စက်တင်ဘာလအတွင်း မြေငလျင် အကြိမ် ၃၀ ခန့် လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာန၏ ဖော်ပြချက်များအရ သိရသည်။
၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့က ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ကိုဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၈ အဆင့် အင်အားအနည်းငယ်ရှိသော ငလျင်လှုပ် ခတ်ခဲ့သည်။ အဆိုပါငလျင်သည် အင်အားအနည်းဟုဆိုသော်လည်း မအူပင်မြိုပေါ်ရှိ သီလရှင်တစ်ပါး နှင့် အမျိုးသမီး တစ်ဦး အဆောက်အအုံ ပိ၍သေဆုံးခဲ့ရပြီး ရွှေဘုန်းမြင့်စေတီ၏ ထီးတော် ယိုင်လဲခဲ့ပြီး အဆောက်အုံ အချို့ပြိုကျ ပျက်စီးခဲ့ရသည်။
၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်းက ပုဂံဘုရားများပြိုကျစေခဲ့သည့် အင်အား ရစ်(ခ်)တာစကေး (၆.၈) အဆင့် ရှိသည့် အင်အားပြင်းထန်သော ငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း အကြီးစား ငလျင်လှုပ်ခတ်မှုများမဖြစ်ပေါ်လာသေးသဖြင့် ငလျင်ကြောပေါ်တွင် ရှိသော မြန်မာ နိုင်ငံအနေဖြင့် ငလျင်အန္တရာယ်ကိုသတိထားရမည် ဖြစ်သည်။
ထို့ကြောင့် ငလျင်လှုပ်ခတ်မှု အခြေအနေများနှင့်ပတ်သက်၍ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံငလျင် ကော်မတီနာယက ဦးစိုးသူရထွန်းအား ဧရာ၀တီတိုင်းမ်မှ ဆက်သွယ်မေးမြန်းခဲ့သည်ကို ဖော်ပြအပ်ပါသည်။
မေး….။ ဘာကြောင့်ငလျင်လှုပ်တယ် ဆိုတာကို ပြည်သူတွေအလွယ်တကူ သိနိုင်အောင် ရှင်းပြပေးပါ ခင်ဗျာ..။
ဖြေ…..။လွယ်လွယ်ပြောရရင် ကမ္ဘာမြေထုချပ်ကြီးတွေရွေ့လျား လှုပ်ရှားလို့ ဖြစ်တာပါ။ မြေထုချပ်ကြီးတွေက ပြတ်ရွေ့တစ်လျောက်မှာ တစ်ဖက်နှင့် တစ်ဖက်ရွေ့လျားနေပါ တယ်။ ရွေ့လျားတဲ့အခါ အချိန်အကန့်အသက်တစ်ခုထိ မရွေ့ဘဲ ရပ်နေပြီး မခံနိုင်တဲ့ အချိန်မှာ ပြတ်သွားပြီး ငလျင်လှုပ်တာပါ။ ဝါးခြမ်းပြားတစ်ချောင်းကို ကွေးကြည့်သလိုပါပဲ။ ကွေးကြည့်ရင် ကွေးလိုက်လာတယ် မခံနိုင်တဲ့ အဆုံးမှာ ပြတ်ထွက်သွားတယ် ဒီသဘောပါပဲ။
မေး….။ ငလျင်ကိုဘယ်လိုအနေအထားနဲ့ ဘယ်အချိန်လောက်မှာ ကြိုသိနိုင်တယ်ဆိုတာ ပြောပြပေးပါဦး။
ဖြေ…..။ငလျင်နဲ့ ပတ်သက်ပြီး စက်ကိရိယာတွေကော၊ အခြားသဘာ၀အနေအထားတွေ နဲ့ကော ကြိုတင်မသိနိုင်ပါဘူး။ တိရိစ္ဆာန်တွေကတော့ အရေးပေါ်အခြေအနေကို သိနိုင် တယ်လို့ လူတွေကယူဆနေကြတော့ ဒါကိုလေ့လာနေတုန်းပါပဲ။ ငလျင်လှုပ် နေတဲ့အခါ တွင်းအောင်း သတ္တဝါတွေ ထွက်လာတာတို့ပေါ့။ ဖြစ်နိုင်တာကတော့ ငလျင်ကို လူတွေမသိသေးခင် ကြိုတင်အာရုံရတာ ခံစားမိတာဖြစ်ဖို့များတယ်။ ဒါပေမယ့် ငလျင်ကို ကာကွယ်နိုင်တယ်လို့ယုံကြည်လို့ မရနိုင်ပါဘူး။
စက်ကိရိယာနဲ့ ကတော့ ဂျပန်လိုနိုင်ငံမျိုးမှာ ငလျင်လှုပ်တာကို စက္ကန့်ပိုင်းလောက် ကြိုသိတယ်။ ဒါကလည်း ငလျင်လှုပ်ပြီးမှ တိရိစ္ဆာန် တွေအာရုံခံမိသလိုမျိုး သိနိုင်တာမျိုးပါ။ ကျွန်တော်တို့ကြိုသိနိုင်တာကတော့ ဘယ်ပြတ်ရွေ့တွေက ငလျင် လှုပ်တတ်တယ်။ သူတို့တလျောက် ဘယ်လောက်ပြင်းထန်တဲ့ ပမာဏနဲ့ လှုပ်မယ်။ ပြတ်ရွေ့ (FAULT) တွေက နှစ်ကာလ ဘယ်လောက် ဘယ်အကြိမ်မှာ လှုပ်မယ်ဆိုတာလောက်သာ ခန့်မှန်းနိုင်ပါတယ်။
မေး….။ဟုတ်ကဲ့..ငလျင်ကြီးတွေက နှစ်ကာလအပိုင်အခြားနဲ့ လှုပ်ခဲ့တာရှိတယ်ဆိုတော့ ခန့်မှန်းပြောလို့ ရနိုင်ပါသလားခင်ဗျာ…။
ဖြေ….။အကြမ်းအားဖြင့် ခန့်မှန်းနိုင်တယ်လို့ပြောလို့ရတယ်။ မြန်မာနိုင်ငံမှာထင်ရှားတဲ့ စစ်ကိုင်းပြတ်ရွေ့ဆို သူ့မှာအပိုင်းပိုင်းပိုင်းတွေရှိတယ်။ တစ်ပိုင်ခြင်း တစ်ပိုင်းခြင်းစီမှာ အကြမ်းအားဖြင့် အပိုင်း ကိုးဆယ် တစ်ရာလောက်ရှိတယ်။ အဲ့ဒီအပိုင်း တစ်ခုစီတစ်ခုစီ မှာ ငလျင်ပြင်းအား ရစ်(ခ်)တာစကေး ၇.၃ ၊ ၇.၄ ၊ ၇.၅ စသည်ဖြင့် နှစ် ၁၀၀ နဲ့ ၁၅၀ ကြားမှာတစ်ကြိမ်လှုပ်တယ်။ ပမာဏအား ဖြင့်နှစ် ၁၅၀ မှာပြင်းအား ၇.၅ ရစ်ချက်တာစကေး ရှိတဲ့ ငလျင် လှုပ်တယ်ဆိုရင် နောက် နှစ်၁၀၀ အတွင်းမှာသူထက် ပြင်းအားပမာဏနည်းတဲ့ငလျင် ပဲလှုပ်နိုင်တာပေါ့။ သဘာ၀က ဒီအတိုင်းပါပဲ။ ပြတ်ရွေ့ တစ်ပိုင်းနဲ့ တစ်ပိုင်း ကမတူ သလို ဖြစ်နိုင်တဲ့ကြိမ်နှုန်းပမာဏလည်း မတူပါဘူး။
မေး…..။ ငလျင်ကြီးတွေလှုပ်ပြီးရင် နောက်ထပ်ငလျင်ထပ်လှုပ်နိုင်သေးလား ဆရာ..။
ဖြေ…..။ငလျင်ကြီးလှုပ်ပြီးရင် နောက်ထပ်ငလျင်ငယ်တွေဆက်တိုက်လှုပ်တက်ပါတယ်။ ဒါဟာဖြစ်ရိုးဖြစ်စဉ်သဘာ၀ပါ။ ရစ်(ခ်)တာစကေး ၆.၆၊ ၆.၇၊ ၆.၈ လောက်ပြင်အားရှိတဲ့ ငလျင်လှုပ်ပြီးပြီဆိုရင် နောက်ထပ်ငလျင်ငယ်လေး ၂ လလောက်ဆက်တိုက် လှုပ်တတ်ပါ တယ်။ ရစ်(ခ်)တာစကေး ၇ လောက်ပြင်းအားရှိငလျင်ဆို ၃ လလောက်ဆက် တိုက်လှုပ်ပြီး တချို့ဆို ၆ လလောက်အထိလှုပ်တတ်ပါတယ်။
မေး…..။ငလျင်ကြီးတွေလှုပ်ပြီးရင် ကောဘာတွေဆက်လက်လုပ်ဆောင်ဖို့ လိုပါသလဲ..။
ဖြေ…..။ငလျင်ကြီးတွေကြောင့် အဆောက်အအုံတွေအက်သွားတာ။ မြေလွှာအက်ကွဲ ကြောင်းတွေပေါ်လာတာရှိပါတယ်။ ငလျင်ကြီး လှုပ်ပြီးတိုင်းနောက်ဆက်တွဲ ငလျင်ငယ် တွေကြောင့် အဆောက်အဦးပြိုကြတာ၊ မြေပြိုတာ၊ တောင်ပြိုတာတွေဖြစ်နိုင် ပါတယ်။ ဒါကြောင့် ငလျင်ကြီးလှုပ်ပြီးတိုင်းနောက်ဆက်တွဲ ငလျင်လာနိုင်မှာမို့ ကိုယ်ရဲ့အဆောက် အဦးပြန်လည်စစ်ဆေးတာတို့၊ မြေပြင်စစ်ဆေးတာတို့ လုပ်သင့်ပါတယ်။ ဘာမှမဖြစ်ဘူး ဆိုရင်တော့ကိစ္စမရှိပါဘူး။
မေး…..။မြန်မာပြည်မှာထင်ရှားတဲ့ စစ်ကိုင်းပြတ်ရွေ့အပြင် အခြားပြတ်ရွေ့တွေရှိ သေးလား သိချင်ပါတယ်…။
ဖြေ…..။မြန်မာပြည်မှာ ထင်ရှားတဲ့ပြတ်ရွေ့ကတော့ အထူးသဖြင့် အပြင်းဆုံးကတော့ စစ်ကိုင်း ပြတ်ရွေ့ပေါ့။ သူကတစ်နှစ်ကို ၂ စင်တီမီတာနှုန်းနဲ့ ရွေ့နေတယ်။ တစ်နှစ်ကို တစ်လက်မ လောက်ရွေ့နေတာဆိုတော့ တော်တော်မြန်တဲ့နှုန်းပေါ့။ နောက်ထပ်သတိပြု ရမယ့်ပြတ်ရွေ့က ကျောက်ကြမ်းပြတ်ရွေ့ပါ။ ကန္နီမြို့အရှေ့ဘက် ကနေ လွိုင်ကော်နားထိ ရောက်ပါတယ်။ သူ့ကြောင့်မြန်မာပြည်မှာ အကြီးဆုံး ငလျင်ကြီး တွေလှုပ်တတ်ပါ တယ်။ ၁၉၁၂ မှာ ရှမ်းပြည်ငလျင်လှုပ်ဖူးပါတယ်။ အနောက်ဘက်မှာ ရခိုင်ကမ်းရိုးတန်း ငလျင်ဟာ ၁၇၆၂ ဘကြီးတော်မင်းလက်ထက်မှာလှုပ်ခဲ့ဘူးတယ်လို့ မှတ်တမ်း တွေအရ သိရပါတယ်။ ဒါကြောင့် အဲ့ဒီငလျင်ဟာ နှစ်ပေါင်း သုံးလေးရာ အတွင်းမှာ ထပ်လှုပ်နိုင် တယ်လို့ မှန်းရပါတယ်။
မေး…..။ဟုတ်ကဲ့ပါခင်ဗျာ…ဒါဆိုရင် ရန်ကုန်မြို့က ပြတ်ရွေ့ထဲမှာမပါတော့ ငလျင် လှုပ်ခဲ့ရင် ဘယ်လို သက်ရောက်မှုမျိုး ရှိလာနိုင်လဲ ဆိုတာ ဖြေကြားပေးပါ။
ဖြေ…. ။ ရန်ကုန်ကငလျင်ပြတ်ရွေ့ထဲမှာ မပါဘူးဆိုပေမယ့် စစ်ကိုင်းပြတ်ရွေ့က ကီလိုမီတာ ၂၀ အကွာလောက်မှာ ဖြတ်တယ်။ ဒေးဒရဲပြတ်ရွေ့နဲ့လည်း နီးကပ်တယ် ဆိုတော့ ငလျင်ဒဏ်ကို အနည်းနဲ့ အများခံရနိုင်ပါတယ်။ ၁၉၃၀မှာလှုပ်ခဲ့တဲ့အင်အား ၇. ၃ အဆင့်ရှိတဲ့ ပဲခူးငလျင်(ဖြူးငလျင်)မှာဆို ပဲခူးမှာ လူပေါင်း ၅၀၀ လောက်အသက်ဆုံးရှုံးပြီး ရန်ကုန်မှာ လူပေါင်း ၅၀ လောက် အသက်ဆုံးရှုံးဆုံးတာကို ကြည့်ရင် ရန်ကုန်မြို့တည်နေရာ အောက်မှာ ငလျင်ကြော မရှိပေမယ့် ငလျင်ဒဏ်ကို အနည်းနဲ့အများ ခံရနိုင်ပါတယ်။ ဒီကနေ့ ရန်ကုန်လူဦးရေရယ် ၊ ဆောက်ထားတဲ့ အထပ်မြင့်အဆောက်အအုံ အရေအတွက်ရယ်နောက် အရည်အသွေးမမီတဲ့ တိုက်တွေရယ် ဆိုရင်တော့ ဒီထက်မက ပိုခံရနိုင်ပါတယ်။
မေး…။မြေအောက်ရေသုံးစွဲ မှုနဲ့ သယံဇာတတူးဖော်မှုတွေက ငလျင်ဖြစ်စေတဲ့ အကြောင်း ရင်းထဲမှာပါလား ။
ဖြေ…..။ ဖြစ်လေ့မရှိပါဘူး။ ငလျင်က မြေပြင်အောက် ၁၀ကီလိုမီတာ ၁၅ ကီလိုမီတာ အကွာလောက်မှာ မြေပြင်ကိုဗဟိုပြုပြီး လှုပ်တာပါ။ မြေအောက်ရေသုံးစွဲ မှုကော ၊ သယံဇာတ ထုတ်ယူသုံးစွဲ မှုကောက ၁ ကီလိုမီတာအတွင်းလောက်မှာပဲ တူးဖော်ထုတ်ယူသုံးစွဲတာ ဖြစ်တဲ့အတွက် ငလျင် လှုပ်ခြင်းအပေါ်မှာ တိုက်ရိုက်အကျိုး အကျိုးသက်ရောက်မှုမရှိပါဘူး။
မေး…..။ငလျင်နဲ့ ပတ်သက်ပြီးပြည်သူတွေသိနိုင်အောင် အကြံပြုချင်တာများရှိရင် အကြံပြုပေးပါဦး ခင်ဗျာ။
ဖြေ…..။မြန်မာနိုင်ငံက ငလျင်ဇုံထဲမှာရောက်နေတယ်။ ကမ္ဘာအကြီးဆုံး ငလျင်ကြောကြီး နှစ်ခုထဲက အယ်ပိုက်ဇုံထဲမှာမြန်မာနိုင်ငံပါ၀င်နေတယ်။ ပြန်မာတစ်ပြည်လုံးမှာ ငလျင်ဒဏ်ခံရနိုင်တဲ့ နေရာတွေက အများကြီးပဲ။ငလျင်ဆိုတာကလည်း ကြိုသိနိုင်တာမဟုတ်တော့ ကာကွယ် တားဆီးလို့ မရဘူး။ အဲ့တော့အမြဲတမ်းပြင်ဆင်ထားဖို့ကတော့ အကောင်းဆုံးပါပဲ။
မေး……။ လက်ရှိကာလအခြေအနေမှာ မကြာခဏ ငလျင်လှုပ်ခတ်တာတွေ တွေ့နေရပါတယ်။ အကယ်၍ ငလျင်ကြီးကြီးသာ လှုပ်ခတ်ခဲ့မယ်ဆိုရင် ပြင်ဆင်နိုင်အောင် ပြောပြပေးပါဦး။
ဖြေ…….။ တချိန်က အတန်အသင့်လွတ်လပ်တဲ့အစိုးရအောက်မှာ ပညာရှင်တွေ စုစုစည်းစည်း လုပ်ဆောင်ကြတယ်။ သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းစဉ်းစားခဲ့ကြပေမယ့် အခုလိုအာဏာတည်မြဲရေး တစ်ခုသာသိတဲ့ သူတွေအောက်မှာ ထိရောက် တဲ့ ကြိုတင်ပြင်ဆင်မှုတွေ အရေးပေါ်တုံ့ပြန်မှုတွေကို မျှော်လင့်လို့ မရနိုင်တဲ့အတွက် ပြည်သူများအနေနဲ့ မိမိတို့ မိသားစုအတွက် ကိုယ်တိုင်ပြင်ဆင်ကြပါ၊ တခြားသူတွေကို လည်း အကြံဉာဏ်ပေးမျှ ဝေကြပါလို့ ပြောချင် ပါတယ်။
အခုလို ဖြေကြားပေးတဲ့ ဆရာဦးစိုးသူရထွန်းကို ကျေးဇူးတင်ပါတယ်..