ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၅ ရက်

ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့တွင်း၌ ပြီးခဲ့သည့် သုံးပတ်တာအတွင်း ယာဉ်စည်းကမ်း အကြောင်းပြ၍ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှ ဆိုင်ကယ်နှင့် ယာဥ်မောင်းလိုင်စင် စစ်ဆေးမှုများ ပြုလုပ်ကာ တစ်သိန်းထက်မနည်းသော ဒဏ်ကြေး ပေးဆောင်ခိုင်းနေကြောင်း မြို့ခံများထံကသိရသည်။

ညောင်တုန်းမြို့၆ ရပ်ကွက်လမ်းဆုံနှင့် မြို့အ၀င်အထွက် တွင် စက်တင်ဘာလ ၅ရက်မှ ၂၁ရက်နေ့အထိ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့မှ ယာဥ်စည်းကမ်း အကြောင်းပြ၍ ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် စသည်တို့ကို စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ဒေသခံများထံကသိရှိရသည်။

“ဆိုင်ကယ်ရော လူလိုင်စင်ပါတောင်းစစ်နေတာ။ သုံးပတ်လောက်ရှိပြီ။ အရင်က တခါတလေမှစစ်တာ တွေ့ရတယ် ။အခုကစစ်တာ ပိုကြပ်သွားတာ။ လိုင်စင်တွေပါ တောင်းစစ်တယ်။ ဦးထုပ်လောက်ပဲ စစ်တာမဟုတ်တော့ဘူး။ မသင်္ကာရင် အရစ်ခံရသေးတယ်”ဟု အမှတ်၆ ရပ်ကွက် တွင်နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းကဲ့သို့ စစ်ဆေးရာတွင် ဆိုင်ကယ်လိုင်စင်နှင့် ယာဥ်မောင်းလိုင်စင် မပါရှိသူများကို ငွေကျပ် တစ်သိန်းထက်မနည်း ဒဏ်ကြေးတောင်းခံကာ မပေးနိုင်သူများအနေဖြင့် မိသားစုဝင်များမှ ငွေလာပေးဆောင်မှသာ ပြန်လွှတ်ပေးလေ့ရှိကြောင်းလည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မြို့ခံများထံက သိရသည်။

” လိုင်စင်တောင်းစစ်ရင်းနဲ့ လူလိုင်စင်မပါရင် ငါးသောင်းတောင်းတယ်။ နှစ်ခုစလုံးမပါရင်တစ်သိန်းပဲ။ မပေးရင်ငွေမရမချင်းစောင့်တယ်။ပြန်ပေးဆွဲထားသလိုလုပ်တာ။ အိမ်ကနေငွေလာပေးမှပဲ ပြန်လွတ်ပေးတယ်” ဟု အမှတ်၈ ရပ်ကွက် ဒေသခံတစ်ဦးက ဆိုသည်။

ညောင်တုန်းမြို့တွင်း၌ ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကလည်း ယာဉ်စည်းကမ်း အကြောင်းပြ၍ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှ စစ်ဆေးမှုအကြိမ် ၂၀ နီးပါးပြုလုပ်ခဲ့ပြီး ငွေကျပ် ငါးသောင်းမှ ကျပ်တစ်သိန်းခွဲ ကြား ငွေကြေးတောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#ညောင်တုန်း #ဆိုင်ကယ် #ယာဥ်မောင်းလိုင်စင် #စစ်ဆေးမှု #ပြုလုပ်ကာ #ငွေတောင်းယူမှုပြုလုပ်နေ #Ayeyarwaddy_Times