
နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၅ ရက်
မကွေးတိုင်း၊ ရေစကြိုမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ် စခန်းချရာနေရာများကို တော်လှန်ရေးတပ်ဖွဲ့ သုံးဖွဲ့ပူးပေါင်း၍ Fixed wings နည်းပညာဖြင့် မောင်းသူမဲ့ ဒရုန်းများကို အသုံးပြုကာ သွားရောက်တိုက်ခဲ့ကြောင်း သိရသည်။
ပူးပေါင်းတော်လှန်ရေးအဖွဲ့ သုံးဖွဲ့သည် စစ်ကောင်စီတပ် စခန်းချရာနေရာများကို စက်တင်ဘာ ၂၀ ရက် ၊ ၂၁ ရက် ၊ ၂၂ ရက်နေများတွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်
“စက်တင်ဘာ ၂၀ ရက်နေ့က ရေစကြိုမြို့နယ် တောင်အိုကျေးရွာက စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့နေရာကို ဒရုန်းနဲ့ ဗုံးသီး ခြောက် လုံးပစ်ချတိုက်ခိုက်ခဲ့တာ စစ်ကောင်စီတပ်က အရာရှိ တစ်ဦးအပြင်းထန်ထိခိုက်ခဲ့တယ်။ ၂၁ ရက်နေ့မှာတော့ ပခန်းငယ် ရဲစခန်းထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မောင်းသူမဲ့ ဒရုန်းသုံးပြီး ဗုံးသီး ၆ လုံးချ ထပ်မံသွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီ တပ်ဘက်က အများအပြားထိခိုက် ဒဏ်ရာရသွားတယ်” ဟု သွားရောက်တိုက်ခိုက်ရာတွင် ပါဝင်သည့် မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ပူးပေါင်းတော်လှန်ရေးအဖွဲ့များသည် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရေလည်ကျွန်းဒေသရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်အောက်ခံရဲများ နှင့် ပျူစောထီးများ အထိုင်ချနေသည့် မင်းရွာ(ပျူစောထီးရွာ) ကို ဗုံးသီး ၁၇ လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ ၂၂ ရက်နေ့မှာတော့ စစ်ကောင်စီတပ် ရဲနဲ့ ဗျူစောထီးအဖွဲ့ဝင်တွေ တပ်စခန်းချထားတဲ့ ပျူစောထီးရွာ (မင်းရွာ) ကို မောင်းသူမဲ့ဒရုန်းနဲ့ ဗုံးသီး ၁၇ လုံးပစ်ချ တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ အများကြီးရှိပါတယ်။ အလောင်းတွေကို မင်းရွာသင်္ချိုင်းမှာ ညတွင်းချင်းမြေမြုပ်ခဲ့ရတယ်။ စစ်ကောင်စီတပ်ကနေ လက်နက်ကြီး တွေနဲ့ ရမ်းသန်းပြီး ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ဘေးလွတ်ရာတွေကို ဆုတ်ခွာနိုင်ခဲ့ ပါတယ်” ဟု ဓားမဆိုင်တပ်ရင်း (၂၈) တည်ထောင်သူ ဗိုလ်စွမ်းသူမောင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ဒရုန်းစစ်ဆင်ရေးကို တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်ကြသည့် ညောင်ဦး ခရိုင်တပ်ရင်း (၅)၊ ရေစကြို ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) Super Fighter PDF တပ်ဖွဲ့နှင့် ယင်းမာပင်ခရိုင် ဓားမဆိုင်းတပ်ရင်း (၂၈) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ထိခိုက်မှုမရှိဘဲ ပြန်လည်ခွာနိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ဓာတ်ပုံ- ဓားမဆိုင်းတပ်ရင်း (၂၈)
ပုံစာ-တော်လှန်ရေးတပ်ဖွဲ့များ ဒရုန်းဖြင့်သွားရောက်တိုက်ခိုက်စဉ်
#ရေစကြိုမြို့နယ် #စစ်ကောင်စီအထိုင်ချနေရာများ #မောင်းသူမဲ့ဒရုန်းဖြင့်တိုက်ခိုက် #Ayeyarwaddy_Times