
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၅ ရက်
ပြင်သစ်နိုင်ငံက ဒီနှစ်ကုန်မှာ အနောက်အာဖရိကရှိ နိုင်ဂျာနိုင်ငံမှ တပ်ဖွဲ့တွေကို ရုတ်သိမ်းမယ်လို့ ပြင် သစ်သမ္မတ အီမန်နူရယ်မေခရွန်က ပြောပါတယ်။
အနောက်လိုလားတဲ့ သမ္မတ မိုဟာမက်ဘာဇွမ် ဖြုတ်ချခံရပြီး စစ်အစိုးရတစ်ရပ် ပေါ်ပေါက်လာစေတဲ့ ဇူလိုင်လအတွင်း အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပြင်သစ်တပ်ဖွဲ့တွေရုတ်သိမ်းဖို့ ဆုံးဖြတ်တာဖြစ်ပါတယ်။
ပြင်သစ်ဟာ နိုင်ဂျာရဲ့ ယခင် ကိုလိုနီအင်အားကြီးနိုင်ငံဖြစ်ပြီး တပ်ဖွဲ့တွေ ဆက်လက် တပ်စွဲထားပါတယ်။ နိုင်ဂျာစစ်တပ် အုပ်ချုပ်သူတွေက ပြင်သစ်နိုင်ငံအပေါ် ဆန့်ကျင်မှုတွေ တိုးလာခဲ့ပါတယ်။
ပြင်သစ်နိုင်ငံက နိုင်ဂျာနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မေခ ရွန်က ပြင်သစ်ရုပ်သံဌာနတွေနဲ့ အင်တာဗျူးတစ်ခုအတွင်း ပြောပါတယ်။
နိုင်ဂျာနိုင်ငံမှာ တပ်စွဲထားတဲ့ ပြင်သစ်တပ်ဖွဲ့ဝင် ၁၅၀၀ ခန့် ယခုနှစ်အကုန်မှာ အိမ်ပြန်မယ်လို့ သူက ဆက်ပြောပါတယ်။ လာမယ့်နာရီအနည်းငယ်အတွင်း နိုင်ဂျာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးဟာ ပြင်သစ်ကို ပြန်မယ်လို့ မေခရွန်က ဆိုပါတယ်။
နိုင်ဂျာအာဏာသိမ်းစစ်တပ်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ကို မေခရွန်က ဆက်လက် ငြင်း ဆန်ခဲ့ပါတယ်။ မကြာသေးမီနှစ်တွေအတွင်း အနောက်အာဖရိကမှာ စစ်အာဏာသိမ်းမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ ပြီး အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ဆိုးရွားလာခဲ့ပါတယ်။
နိုင်ဂျာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မာလီနဲ့ ဘာကီနာဘာဆိုနိုင်ငံတွေရှိ တပ်ဖွဲ့ဝင်တွေကိုလည်း ပြင်သစ်နိုင်ငံက ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။
အာဏာသိမ်းမှုဖြစ်ခဲ့တဲ့ အနောက်အာဖရိကနိုင်ငံတွေရှိ စစ်အာဏာရှင်တွေဟာ ရုရှားနိုင်ငံနဲ့ ဆက်ဆံရေး တိုးမြှင့်ခဲ့ပြီး ဒေသတွင်း ရုရှားနိုင်ငံရဲ့ သြဇာအာဏာကြီးမားလာတာကို အနောက်နိုင်ငံတွေက စိုးရိမ်နေပါတယ်။
ကိုးကား – NHK
Ref; France to withdraw troops from Niger, French President Macron says