
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၅ ရက်
ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်တွင် ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါပြိုကျမှုများဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၂၃ ရက်နေ့က မူလတန်းကျောင်းတစ်ကျောင်းကို ဖျက်ပြီးယာယီရွှေ့ပြောင်းပေးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ ထံမှသိရှိရသည်။
စစ်ကုန်းကျေးရွာအုပ်စု၊ ငါးဆယ်ကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုသည် ငါးဆယ်ကျွန်းကျေးရွာရှိ အခြေခံပညာမူလတန်း(လွန် )ကျောင်း၏ အောက်ခြေနားသို့ ရောက်ရှိလာသောကြောင့် ကျောင်းသားများအန္တရာယ် ဖြစ်ပေါ်လာနိုင်သောကြောင့် ရွှေ့ပြောင်းပေးခြင်းဖြစ်ကြောင်းသိရှိရသည်။
” ကမ်းပြိုတာ ကျောင်းနဲ့ ၅ ပေလောက်ပဲ ကွာတော့တယ်၊ ကျောင်းပိတ်ရက် အတွင်းဖျက်ပြီးရွှေ့လိုက်တာ။ အဲ့အနီးက ဒေသခံနေအိမ်၂ လုံးပါ ဖျက်ရွှေ့လိုက်ရတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် ဖျက်ရွှေ့လိုက်ရသည့် မူလတန်းကျောင်းကို ငါးဆယ်ကျွန်းကျေးရွာရှိ ဝေပုလ္လ ဘုန်းကြီးကျောင်းတွင် ယာယီ သင်ကြားပေးမည်ဖြစ်ပြီး စာသင်ကျောင်း အသစ်ပြန်လည်ဆောက်လုပ်ရန်မြေနေရာ ရှာဖွေနေကြောင်း ဒေသခံများကပြောသည်။
ဟင်္သာတမြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလ ၅ ရက်နေ့က ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင့်
ဖြတ်တာတစ်ခု ကျိုးပေါက်ခဲ့ပြီး အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာမှ အိမ်ခြေ ၁၅၀ နီးပါးရေနစ်မြုပ်ခဲ့ကာ ကျန်နေအိမ်များကိုလည်းရေလွတ်ရာတွင် ရွှေ့ပြောင်းနေထိုင်ကြရကြောင်းသိရှိရသည်။
#ဟင်္သာတမြို့နယ် #မြစ်ကမ်းပါးပြိုကျ #ကျောင်းရွှေ့ပြောင်း #စစ်ကောင်စီတပ် #Ayeyarwaddy_Times