ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၄ ရက်

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒေသခံ ၂၀ ဦးနီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ခြိမ်းခြောက် ငွေတောင်းယူကာ ပြန်လွတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မော်လမြိုင်ကျွန်းမြို့နယ်ရှိ ညောင်ချောင်း၊သုံးခွချွန်း၊ကျုံလမု၊ဝဲစု ၊ မဘေ၊ ရွာလယ်ချောင်း ကညင်တပင်နှင့် ဆင်ချောင်းစသည့် ကျေးရွာများအတွင်းရှိ လူငယ်နှင့် လူလတ်အရွယ် ဒေသခံအမျိုးသား ၂၀ ဦးနီးပါးကို စစ်ကောင်စီတပ်က ယာဥ်စည်းကမ်းအကြောင်းပြချက်နှင့် ဧည့်စာရင်းစစ်ဆေးရန် စသည့် အကြောင်းပြချက်များဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ငွေကြေးတောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ ထံကသိရှိရသည်။

” ယာဥ်စည်းကမ်းအကြောင်းပြပြီး အဖမ်းခံရတာ။ ပြန်လွတ်ချင်ရင် ငွေငါးသိန်းပေးဆိုပြီး တောင်းခံရတယ်။ သုံးသိန်းပဲတတ်နိုင်လို့ပါဆိုတော့မှ ပြန်လွတ်ပေးတယ်” ဟု ညောင်ချောင်းကျေးရွာမှ ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုကဲ့သို့ အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခံရသူများထံက စစ်ကောင်စီတပ် သားများက ငွေကျပ် သုံးသိန်း မှ ငါးသိန်း ဝန်းကျင် ပေးမှသာ ပြန်လွတ်ပေးပြီး ငွေမပေးနိုင်သူများကို တပ်အင်အားဖြည့်တင်းရန်ဆိုကာ တပ်သားသစ်အဖြစ် စုဆောင်းနေကြောင်း သိရသည်။

” ဧည့်စာရင်းမတိုင်လို့ ဖမ်းတာဆိုပြီး အသိတစ်ယောက်ကို ဖမ်းခေါ်သွားတယ်။ ရန်ကုန်က ခဏပြန်လာတာ မကြာသေးဘူး။ ငွေငါးသိန်းပေးမှ ပြန်လွှတ်ပေးမယ်ဆိုလို့ ပေးလိုက်မှပဲပြန်လွတ်တယ်။ တကယ့်ကို ပြန်ပေးဆွဲဂိုဏ်း သာသာဖြစ်နေပြီ” ဟု ဝဲစုကျေးရွာဒေသခံ အမျိုးသားတစ်ဦးကဆိုသည်။

မော်လမြိုင်ကျွန်းမြို့တွင်း၌ ပြီးခဲ့သည့်စက်တင်ဘာလ ဒုတိယအပတ်ကစ၍ မြို့တွင်းရှိ အဝေးပြေးကားဂိတ်နေရာနှင့် စားသောက်ဆိုင်များတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး(ပြည်သူ့စစ်)တို့မှ ကင်းပုန်းစောင့်ကြည့်မှုအပြင် ညစဥ်ကင်းလှည့်ပတ်မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

#မော်လမြိုင်ကျွန်း #ဒေသခံ၂၀ဦးနီးပါး #စစ်ကောင်စီတပ် #ဖမ်းဆီးခြိမ်းခြောက် #ငွေတောင်းယူမှုများ ပြုလုပ် #Ayeyarwaddy_Times