
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်
ပြည်ပရောက် အလုပ်သမားများအား ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုထားသည်ကို နိုင်ငံခြား ဝင်ငွေရရှိရေး နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေသည့် စစ်ကောင်စီက ၂၀၂၃ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် ပြင်ဆင်ပယ်ဖျက်ခဲ့သောကြောင့် ပြည်ပရောက် အလုပ်သမားများ ဝင်ငွေခွန်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၃၁ ၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(၄)တွင် ပါရှိသည့် ပြည်ပတွင်နိုင်ငံခြားငွေဖြင့် ရရှိသော လစာခေါင်းစဉ်မှ ဝင်ငွေ ကင်းလွတ်ခွင့်ပြုသည့် ပြဌာန်းချက်ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပြဌာန်းချက်ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်း၏ အမိန့်ဖြင့် လက်မှတ်ရေးထိုးပယ်ဖျက်ခဲ့ခြင်းဖြစ်ပြီး ပြည်ပရောက် အလုပ်သမားများ အနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ အခွန်ကင်းလွတ်ခွင့် မရှိတော့ဘဲ ဝင်ငွေခွန်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
“အရင်ကပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်တဲ လစာရရှိသူတွေကို ၂၀၁၂ ခုနှစ် မှစပြီးဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုထားခဲ့ပါတယ်။ အဲ့လိုကင်းလွတ်ခွင့်ပြုထားတာကို အခုပြဌာန်းတဲ့ ဥပဒေနဲ့ ဝင်ငွေခွန်ပြန်ကောက်မှာ ဖြစ်ပါတယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ဆိုထားသည်။
ထို့ပြင် အခွန်ကောက်ခံရာတွင် နည်းလမ်းနှစ်မျိုးရှိကာဝင်ငွေခွန်ဥပဒေ၊ ပုဒ်မ ၆ အရ အခွန်ထမ်းသူ၏အတူနေမိဘ၊ အိမ်ထောင်ဖက်နှင့် သားသမီးများအတွက် ငွေနုတ်ပယ်၍ ကျန်ငွေအပေါ်တွင် အခွန်ပေးဆောင်ရန်နှင့် သက်သာခွင့်များနုတ်ပယ်ခြင်းမပြုဘဲ နှစ်ရာခိုင်နှုန်းဖြင့် တွက်ချက်ပေးဆောင်ရမှာဖြစ်ကြောင်းသိရသည်။
၂၀၂၃ ခုနှစ်ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကိုပြင်ဆင်သည့် ဥပဒေပြဌာန်းချက် တွင် အခွန်တွက်ချက်ထားသည့် ဝင်ငွေအမျိုးအစားအလိုက် ပြည်ပတွင် ပေးဆောင် ခဲ့ရသည့် အခွန်ကို ခုနှိမ်ပေးရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ဓာတ်ပုံ-Myanmar Embassy
ပုံစာ- စက်တင်ဘာ ဒုတိယပတ်က ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိနေသော မြန်မာလုပ်သားများ
#အခွန်ကောက်ဥပဒေပြင်ဆင် #UTL #ဝင်ငွေခွန်ဆောင်ရမည် #Ayeyarwaddy_Times