
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၄ ရက်
ဧရာဝတီတိုင်း၊ ငပုတော၊ ချောင်းသာနှင့် ငရုပ်ကောင်းမြို့ များနှင့် ဆက်စပ်နေသည့် ပင်လယ်ကမ်းခြေအနီး ကျေးရွာများကို ပြီးခဲ့သည့် စက်တင်ဘာ ၁၇ရက်နေ့ကစတင်ကာ စစ်ကောင်စီတပ်မှ တပတ်ကြာဖုန်းနှင့် အင်တာနက်လိုင်းများ အကြောင်းမဲ့ ဖြတ်တောက် ခံထားရကြောင်း ဒေသခံများထံက သိရသည်။
ငပုတောမြို့နယ် ပင်လယ်ကမ်းခြေနှင့်နီးသည့် ဘုန်းစုံကြီး၊စီလောင်၊ ကျောက်ကလပ်စသည့်ကျေးရွာများတွင် ပြီးခဲ့သည့် စက်တင်ဘာလ၁၈ရက်နေ့မှစ၍ MPT ၊ Atom၊ Ooredoo စသည့် မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုများ ဖြတ်တောက်ခံရကာ ဖုန်းလိုင်းသာရရှိနေကြောင်း ကျေးရွာဒေသခံများထံက သိရှိရသည်။
” ဖုန်းလိုင်းပဲခေါ်ရတယ်။ အင်တာနက်က မရတချက်ရတချက်ပဲ။ တခါတလေ လုံးဝကိုအင်တာနက်ပြတ်တာနဲ့ ကြုံရတယ်။ ဖြစ်နေတာတစ်ပတ်ဝန်းကျင်ရှိတော့မယ် “ဟု စီလောင်ကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အလားတူ ချောင်းသာမြို့နယ်ခွဲ ရွှေသောင်ယံနှင့် ငရုပ်ကောင်းမြို့နယ်ခွဲ သစ်ရောင်း၊ဘုရားချောင်းစသည့် ကျေးရွာတို့တွင်လည်း မိုဘိုင်းအင်တာနက် တစ်ပတ်ကြာ ဖြတ်တောက်ခံရကြောင်း ဒေသခံများထံကသိရသည်။
” ဖုန်းဆက်ရပြီး အင်တာနက် သုံးမရတော့ ဘာသတင်းမှ မသိရတော့ဘူး။ ဘာအကြောင်းမှ မရှိပဲနဲ့ကို လိုင်းဖြတ်ခံရတာ။ စစ်တပ်တွေရွာအနားကို ရောက်ရင် တမင်တကာ လိုင်းဖြတ်သလိုဖြစ်နေတာ။ အခုတောင်ဖုန်းလိုင်းက ပြောရတာ အဆင်မပြေဘူး” ဟု သစ်ရောင်းကျေးရွာဒေသခံ တစ်ဦးကဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့ကစ၍ ချောင်းသာ၊ ငွေဆောင်၊ ငပုတောနှင့် ငရုတ်ကောင်းမြို့နယ်ခွဲနေရာရှိ ကမ်းခြေကျေးရွာများတဝိုက်သို့ စစ်ကောင်စီတပ်မှ အင်အား၄၀ နီးပါးဖြင့် စစ်ကြောင်းထိုးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
#ဧရာဝတီတိုင်း #ပင်လယ်ကမ်းခြေနှင့်နီးသည့် #ကျေးရွာများအချို့ #ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံရ #Ayeyarwaddy_Times