ဇွဲနိုင်/ဧရာဝတီတိုင်းမ်

(ရေဖြူ) ၊စက်တင်ဘာလ ၂၄ ရက်

မြိတ်ခရိုင် ၊တနင်္သါရီမြို့ အနီးရှိ ကျေးရွာများကို စစ်ကောင်စီ ၏ ဇဝဲတပ်မှ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြင်ဝန်းကျေးရွာပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးကာ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း တနင်္သာရီ မြို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၂၂ ရက် နံနက် ၁၀း၃၀ မိနစ်ခန့်အချိန်က တနင်္သာရီ မြို့နယ်၊ပြင်ဝန်းကျေးရွာအတွင်းသို့ ဇဝဲရွာ အခြေစိုက် ၅၅၆ ခြေမြန်တပ်ရင်းမှ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း တနင်္သာရီ မြို့ တောင်ပံနီပြည်သူ့ကာကွယ်ရေး တပ် တာဝန်ရှိသူက ပြောသည်။

“တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိဘူး။ ဒီတိုင်း ပဲ ရမ်းသမ်းပြီး ရွာထဲကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ။နေအိမ်တွေ ပေါ်ကို လက်နက်ကြီး သုံးလုံး ကျရောက်ပေါက်ကွဲခဲ့တာပေါ့။ နေအိမ် အချို့လည်း ထိခိုက်ပျက်စီးသွားခဲ့တဘ် “ဟု တောင်ပံနီ ပြည်သူ့ကာကွယ်ရေး တပ်မှ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒေသခံရွာသားများ ထိခိုက်မှုမရှိသော်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံက သိရသည်။

” ရွာထဲက အိမ်တွေ မှာ လူသိပ်မရှိတော့ဘူး။ အများစုက နီးစပ်ရာကို ထွက်ပြေးနေကြရတယ်။ အနည်းငယ်လောက်သာ ရွာထဲမှာရှိကြတော့” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဒေသခံများ ထွက်ပြေးနေကြရသည့် လက်ရှိအချိန်တွင် အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ များ အရေးပေါ် အကူညီလိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူထံမှသိရသည်။

ဓာတ်ပုံ-စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တနင်္သာရီ မြိုမှ ထွက်ပြေးတိမ်းရှောင်နေကြရသော ဒေသခံပြည်သူများ။

#တနင်္သာရီ #ပြင်ဝန်းရွာ #စစ်ကောင်စီ #လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ် #နေအိမ်အချို့ #ထိခိုက်ပျက်စီး #ဒေသခံများထွက်ပြေးနေရ

#Ayeyarwaddy_Times