
ဧရာဝတိတိုင်းမ်
စက်တင်ဘာလ ၂၄ ရက်
ဧရာဝတီတိုင်း၊ ငရုပ်ကောင်းမြို့နယ်ခွဲ၊ သဲဖြူကျေးရွာတွင် တပိုင်တနိုင် လုပ်ကိုင်သစ်ခွဲလုပ်ငန်း လုပ်ကိုင်သူများကို တစ်ဦးလျှင် ငွေကျပ်ငါးသိန်း ပေးရန် စစ်ကောင်စီတပ်က တောင်းခံနေကြောင်း ကျေးရွာဒေသခံများထံက သိရသည်။
သဲဖြူကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ရက်နေ့ကစ၍ သစ်ခွဲလုပ်ငန်းလုပ်ကိုင်သူများကို ခမရ (၃၀၈)မှ သစ်လုပ်ငန်း အခွန်အကြောင်းပြ၍ တစ်ဦးလျှင် ငွေကျပ်ငါးသိန်းပေးရန် တောင်းခံနေပြီး သစ်လုပ်ငန်းလုပ်ကိုင်သူ ၁၀၀ ကျော်ထက်မနည်း ရှိနေကြောင်း သဲဖြူကျေးရွာရှိ သစ်ခွဲလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
” တရွာလုံးမှာ တပိုင်တနိုင် သစ်ခွဲလုပ်တဲ့သူ တစ်ရာကျော် လောက်ရှိတယ်။ အခုကမိုးတွင်းဆိုတော့ အလုပ်ပါးတယ်။သစ်ခွန်ဆိုပြီး တစ်လငါးသိန်းပေးနေရတယ်။” ဟု တပိုင်တနိုင်သစ်ခွဲလုပ်ငန်း လုပ်ကိုင်သူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သစ်ခွဲလုပ်ငန်းလုပ်ကိုင်သူများထဲတွင် စစ်တပ်နှင့် အဆင်ပြေသူများ အနေဖြင့် တစ်လလျှင် သစ်သုံးတန် ပေး၍ ကျွန်းနှင့် ပျဥ်းကတိုးစသည့် သစ်အမာများကို ခုတ်လဲခွင့်ပြုထားကြောင်း ဒေသခံသစ်ခွဲလုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။
ထို့အပြင် သစ်လုပ်ငန်းအခွန် ပေးနိုင်ခြင်းမရှိသူများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ တဆင့် စစ်ကောင်စီတပ်က အစည်းအဝေးခေါ်၍ သစ်တောဥပဒေပုဒ်မ အပြင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်မည်ဟု ခြိမ်းခြောက်သတိပေး ခံခဲ့ရကြောင်း ဒေသခံသစ်ခွဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကဆိုသည်။
”ငွေမပေးနိုင်ရင် နိုင်ငံရေးပုဒ်မနဲ့ရော သစ်တောဥပဒေနဲ့ပါ အရေးယူခံရမယ်။ အစည်းအဝေး ခေါပြီးခြိမ်းခြောက်တာပေါ့ ။တစ်လကိုသုံးသိန်း ရဖို့မနည်း လုပ်နေရတာ။ မပေးနိုင်လို့ တရားစွဲမယ်ဆိုရင်လည်းစွဲပေါ့” ဟု ၄င်းကဆိုသည်။
သဲဖြူကျေးရွာအနီး၌ ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်က စတင်ကာ စစ်ကောင်စီတပ်မှ ဂိတ်ချစစ်ဆေးမှုများ ပြုလုပ်ပြီး လမ်းသွားလမ်းလာများကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသလို ဧည့်စာရင်း စစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။
#ငရုပ်ကောင်းမြို့ #သဲဖြူကျေးရွာ #သစ်ခွဲလုပ်ငန်း #လုပ်ကိုင်သူများ #စစ်ကောင်စီ #တစ်လ #ငွေကျပ် ၅သိန်းတောင်းခံ #Ayeyarwaddy_Times