
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ စက်တင်ဘာ ၂၄ ရက်)
နှလုံးခုန်နေတာဟာ ရှင်သန်ခြင်းရဲ့အထိမ်းမှတ်ပါ။ နှလုံးဟာ သန္ဓေသားဘဝကနေ နောက်ဆုံး ထွက်သက် အချိန်အထိကို မရပ်မနား အလုပ်လုပ်ရပါတယ်။
” နှလုံးသားကိုသုံးပါ ၊ နှလုံးသားကိုသိပါ”
အခု စာသားလေးဟာ ၂၀၂၃ ခုနှစ် ကမ္ဘာ့နှလုံးသားနေ့ အတွက် ဆောင်ပုဒ်ပါ။ လာမယ့် စက်တင်ဘာ ၂၉ရက်နေ့ဟာ ကမ္ဘာ့နှလုံးသားနေ့ဖြစ်ပြီး နှလုံးကျန်းမာရေးအတွက် လှုပ်ရှားမှုတွေ နှစ်စဉ်ကျင်းပကြပါတယ်။ ဒီနှစ် ၂၀၂၃ ခုနှစ်မှာတော့ Use Heart, Know Heart ” နှလုံးသားကိုသုံးပါ နှလုံးသားကိုသိပါ” ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့ လူသားတွေကို နှလုံးသားကျန်းမာရေးအသိပညာတွေ ဖြန့်ဝေကြမှာ ဖြစ်ပါတယ်။
ရင်ဘတ်ထဲမှာ နှလုံးဆိုတဲ့ ကိုယ်အင်္ဂါတည်ရှိပါတယ်။ သူ့အရွယ်အစားက လက်သီးဆုပ် လောက်ပါပဲ။ အပေါ်က ဖုံးထားတဲ့ နှလုံးအမြှေးပါးရှိပါတယ်။ နှလုံးမှာ သွေးဖြည့်နိုင်တဲ့ အခန်းငယ်လေးခန်းရှိပြီး အခန်းအဝမှာ တံခါးရွက်တွေလို နှလုံးအဆို့ရှင်တွေ ရှိနေ ပါတယ်။ နှလုံးတစ်ခါခုန်လိုက်တိုင်း အခန်းငယ်တွေကနေညှစ်ပြီး ထွက်ပေါက် နှလုံးအဆို့ရှင်ကို ဖြတ်သန်းပြီ သွေးတွေတွန်းပို့လိုက်ပါတယ်။ ဒါကြောင့် နှလုံးသားဟာ ရေမော်တာစက်လို အလုပ်လုပ်ပါတယ်။
နှလုံးသားဟာ ရေမော်တာစက်လို လုပ်ရတယ်ဆိုရင် ရေပိုက်တွေလို အလုပ်လုပ်ရ တာက သွေးကြောတွေပဲဖြစ်ပါတယ်။ အဆုတ် သွေးကြောကြီးတွေနဲ့ချိတ်ဆက် ထားတာ ကြောင့်အဆုတ်ကို သွေးတွေရောက်တဲ့အခါ အသက်ရှင်ဖို့လိုတဲ့ အောက်ဆီဂျင် ဖြည့်တင်းပါတယ်။ အောက်ဆီဂျင်ပြည့်ဝနေတဲ့ သွေးတွေကို ပင်မသွေးကြောကြီး တွေကနေတစ်ဆင့် ကိုယ်ခန္ဓာနေရာအနှံ့ဖြန့်ဝေစီးဆင်း စေပါတယ်။
ကျန်းမာတဲ့နှလုံးသည် တစ်နေ့တာ အကြိမ် ၁သိန်းဝန်းကျင်ခုန်နေပြီး နှလုံးကညှစ်ရတဲ့ သွေးပမာဏ တွက်ကြည့်ရင် လီတာခုနစ်သောင်းကျော်ရှိနေပါတယ်။ မရပ်မနားနဲ့ တော်တော်လေးကို အလုပ်လုပ်ရတဲ့ နှလုံး အကြောင်း သိထားစေချင်လို့ပါ။
ဒါကြောင့် “နှလုံးသားကိုသုံးပါ နှလုံးသားကိုသိပါ” ဆိုပြီး ဒီနှစ်အတွက် ဆောင်ပုဒ်အဖြစ် အသိပေးတာပဲ ဖြစ်ပါတယ်။
နှလုံးရောဂါမှာ အမျိုးအစားအများကြီးရှိပေမယ့် အဖြစ်များဆုံးနဲ့သေဆုံးမှုအများဆုံး ကတော့ Myocardial Infarction – နှလုံးကြွက်သားသွေးငတ်လွန်ရောဂါ ဖြစ်ပါတယ်။ ဒီနှလုံးရောဂါကို အားလုံးက ရင်ဘတ်အောင့်နှလုံးရောဂါ (Heart Attack) ၊ နှလုံး သွေးကြောကျဉ်းရောဂါ ဆိုပြီးသိထားကြပါတယ်။
#နှလုံးကြွက်သားသွေးငတ်လွန်ခြင်း-Myocardial Infarction
နှလုံးသွေးကြောပိတ်ဆို့ ကျဉ်းမြောင်းနေ၍ နှလုံးကြွက်သားအလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ အောက်ဆီဂျင် အရင်းအမြစ်သွေးကို အလုံအလောက်မရတဲ့အခါ ရင်ဘတ် အောင့်ပါတယ်။
သာမန်ရင်ဘတ်အောင့်နှလုံးရောဂါ Angina အဆင့်မှာတော့ နှလုံးကြွက်သား ပုပ်တဲ့ အဆင့်ထိမဖြစ်သေးဘဲ ပြန်ကောင်းနိုင်ပေမယ့် သွေးငတ်လွန်သွားရင် Myocardial Infarction အဆင့်ဖြစ်သွားပြီး နှလုံးကြွက်သားပုပ်ကာ ပြန်မကောင်းနိုင်တော့ပါဘူး။ ချက်ခြင်းသေတတ်ပါတယ်။
Angina အဆင့်လောက်ဆိုရင် အနားယူပြီးနေရင် ဆေးသောက်ရင် သက်သာနိုင်ပေမယ့် ပိုမဆိုးအောင် အစားအသောက် အနေထိုင်ဆင်ခြင်ပြီး ကျန်းမာတဲ့ အခြေအနေ ရောက်အောင် ပြုပြင်ပြောင်းလဲရမှာပါ။ ဂရုမစိုက်ဘဲ လှစ်လျူပြုခဲ့မယ်ဆိုရင်တော့ နှလုံးရောဂါက လူသား အားလုံးကို ညှာတာပေးမှာ မဟုတ်ပါဘူး။
ထပ်မံသတိပေးပါရစေ။ နှလုံးရောဂါဟာ ကမ္ဘာပေါ်မှာ သေနှုန်းအများဆုံး ရောဂါဖြစ်တယ် ဆိုတဲ့အကြောင်းကို ဂရုတစိုက် မှတ်သားပေးပါ။
လက္ခဏာတွေအနေနဲ့
-ရင်ဘတ်ထဲမှာ စူးကနဲထိုးအောင့်တာတွေ ဖြစ်လာရင်
-မေးရိုး၊ လည်ပင်း၊ ပခုံး၊ လက်မောင်း၊ ကျောကုန်း တစ်ခုခုအထိ ပျံ့နှံ့ စူးအောင့် နာကျင်ခံစားရရင်
-အစာအိမ်အောင့်သလို ရင်ဘတ်ပူတာ ခံစားရရင် နှလုံးရောဂါ လက္ခဏာစလာပြီလို့ ဆိုနိုင်ပါတယ်။
အခြားလက္ခဏာတွေအနေနဲ့ ရင်တုန်ခြင်း၊ မောပန်းလွယ်ခြင်း၊ ညဘက်အိပ်နေစဉ်မှာ ရင်ဘတ်အောင့်ပြီးလန့်နိုးခြင်း၊ အသင်ရှူမဝခြင်း၊ ခေါင်းကိုက်မူးဝေခြင်း၊ မူးလဲခြင်းတွေ လိုလည်း ကြုံတွေ့ခံစားရနိုင်ပါတယ်။
စိတ်ညစ်ငြူးစရာ သောကရောက်စရာတွေ ကြုံရတဲ့အခါ ကိုယ်လက်လှုပ်ရှားလုပ်နေတဲ့အခါ ပင်ပန်းဖိစီးမှုနဲ့ကြုံတွေ့ရတဲ့အခါမှာ နှလုံးရောဂါ ပိုဖြစ်နိုင်ပါတယ်။
သွေးတိုးရောဂါ သွေးချိုဆီးချိုရောဂါရှိနေခြင်း၊ ဆေးကို စနစ်တကျကုသရယူမှု မရှိခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အဝလွန်နေခြင်း၊ မိဘမျိုးရိုးတွင်နှလုံးရောဂါရှိခြင်း၊ သွေးတွင် အဆီဓာတ်များနေခြင်း တို့ကလည်း နှလုံးရောဂါကိုဖြစ်ပွားဖို့ နီးစပ်လာတဲ့ အခြေ အနေတွေဖြစ်တာမို့ ပြုပြင်ပြောင်းလဲလို့ရတဲ့ အရာတွေကို ပြုပြင်ပြောင်းလဲ ရပါမယ်။ နှလုံးသားအတွက် ပြင်ဆင်ကာကွယ်ရပါမယ်။
နှလုံးသွေးကြောပိတ်ရင် နှလုံးကြွက်သားသွေးငတ်ခြင်းကြောင့် ပြင်းပြင်းထန်ထန် ရင်ဘတ်အောင့်ခြင်းကို ခံစားရမှာဖြစ်ပါတယ်။ အချိန်မဆွဲဘဲ ဆေးရုံဆေးခန်းကို သွားရပါမယ်။
ရင်ဘတ်ဓာတ်မှန် X-ray ၊ နှလုံးအီးစီဂျီ ECG နဲ့ လိုအပ်တဲ့ နှလုံးအင်ဇိုင်း Cardiac enzymes အပါအဝင် သွေးစစ်ဆေးခြင်း တွေနဲ့ ရောဂါရှာဖွေရပါမယ်။ ရင်ဘတ် အောင့်လျှင်အောင့်ခြင်း ဆေးရုံအမြန်ရောက်လာတာကြောင့် အသက်ကယ်နိုင်ခဲ့တဲ့ အဖြစ်အပျက်တွေ အများကြီးကို ကိုယ်တွေ့ ကြုံခဲ့ဖူးပါတယ်။ နှလုံးသွေးငတ်ခြင်းကြောင့် ကြွက်သားမပုပ်မီအခြေအနေမှာ ကုသပြီးကယ်တင် နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ နှလုံးသွေးကြောကျယ်စေဖို့ ငုံဆေးတွေ၊ သောက်ဆေးတွေ ထိုးဆေးတွေ သုံးပြီး ကုသရမှာဖြစ်ပါတယ်။
နှလုံးရောဂါကြောင့် စောစောစီးစီးဆေးရုံရောက်အောင် ပို့နိုင်တာကို ရွှေနဲ့နှိုင်းပြီး Golden Hour လို့ ဆရာဝန်တွေကပြောကြပါတယ်။ ဒါတွေက အိပ်မက်မဟုတ်ပါဘူး။ စစ်တပ် အာဏာမသိမ်းခင်အခြေအနေက ပြည်သူ့ဆေးရုံကြီးတွေမှာ အမှန်တကယ် ကယ်တင် ပေးနိုင်ခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်ပါတယ်။ ဈေးကြီးတဲ့ သွေးခဲဖျော်ဆေးတွေနဲ့ နှလုံး သွေးကြောပိတ်ဆို့ခြင်းကို ကုသတဲ့အခါ အခမဲ့ကျန်းမာရေးစနစ်ဖြစ်တာကြောင့် ပြည်သူ တွေ အဆင်ပြေ ကျန်းမာရှင်သန်ခဲ့ကြပါတယ်။
#မြန်မာနိုင်ငံအခြေအနေနဲ့နှလုံးရောဂါ
လက်ရှိမှာတော့ မြန်မာနိုင်ငံသားတိုင်းဟာ နှလုံးရောဂါဖြစ်နိုင်ချေတွေမြင့် တက်နေပါ တယ်။ စစ်ကောင်စီရဲ့ အနိုင်ကျင့်ချင်တဲ့ အဓမ္မလုပ်ရပ်တွေ၊ ညံ့ဖျင်းယုတ်မာတဲ့ စီမံခန့်ခွဲမှု တွေကြောင့် ပြည်သူတွေကို ထိခိုက်နာကျင်ပင်ပန်းစေပြီး စိတ်ဖိစီးမှုက နှလုံးရောဂါ ဖြစ်နိုင်ချေတွေကို တိုးစေ ပါတယ်။ လူတွေကို အသက်တိုစေပါတယ်။
စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ မြို့ရွာအိုးအိမ်တွေဖျက်စီးတာ စတဲ့လုပ်ရပ်တွေကြောင့် နေရပ်စွန့်ခွာပြီး ပြေးရှောင်နေကြရသူတွေဟာ စားဝတ်နေရေး ဒုက္ခရောက်တဲ့အပြင် အခြေခံကျန်းမာရေး စောင့်ရှောက်မှု ရပိုင်ခွင့်နဲ့ လူသားအခွင့်အရေးတွေကိုပါ ဆုံးရှုံးရပါတယ်။
စိတ်လုံခြုံမှု မရရှိတဲ့ အဖြစ်ဆိုးတွေနဲ့အတူ ထိခိုက်နာကျင် စိတ်သောကရောက်ရခြင်းတွေ ဟာလည်း နှလုံးကျန်းမာရေးအပေါ် သက်ရောက်မှုဖြစ်စေပါတယ်။
စစ်ကောင်စီလက်အောက် ရှင်သန်နေကြသူတွေဟာ ကုန်စျေးနှုန်းကြီးမားပြီး ဝင်ငွေ နည်းပါးတဲ့ ပြဿနာကြောင့် အစာအာဟာရ ပိုင်းမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားသောက်တွေကို ရွေးချယ်နိုင်ခြင်း ပြုနိုင်မှာ မဟုတ်ပါဘူး။
ကုန်စျေးနှုန်း အဆမတန်မြင့်မားမှုကြောင့် အရည်သွေးညံ့ဖျင်းတဲ့ စားအုန်းဆီကိုတောင် တန်းစီဝယ်ယူနေရတဲ့ ပြည်သူတွေကိုကြည့်လိုက်ပါ။ ဆင်းရဲမွဲတေပြီး ခေတ်နောက်ပြန်ဆွဲတဲ့ သမဝါယမစနစ် ရာရှင်ခေတ် မြင်ကွင်းမျိုးကို ပြန်လည် မြင်ယောင် စေပါတယ်။ နှလုံးရောဂါတိုးပွားစေမယ့် မစားသင့်တဲ့ အစားသောက်တွေကို မျက်လုံးစုံမှိတ် ရွေချယ်နေရပါတဲ့ နိုင်ငံသားတွေရဲ့ ဘ၀ဟာ ဆို့နင့်စရာပါ။
အဲ့ဒီအရာတွေအပြင် ဆီးချို သွေးတိုးရောဂါရှိသူတွေမှာလည်း မသောက်မဖြစ် နေ့စဉ်မှန်မှန်သောက်နေရတဲ့ ဆေးဝါးတွေရဲ့ တန်ဖိုးကြီးမြင့်မှုကို ရင်ဆိုင်နေရပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးပြီး မြန်မာငွေတန်ဖိုးကျဆင်းမှုကြောင့် ပုံမှန်သောက်သုံးနေရတဲ့ အဆင့်မီ နိုင်ငံခြားဖြစ် ဆေးဝါးတွေ နေရာမှာ အရည်အသွေး ကွာလတီမကောင်းတဲ့ တရုတ်ပြည်နယ်စပ်ထုတ်ဆေးတွေကို ပိုမိုအစားထိုး မှီခိုလာရ ပါတယ်။
ဆီးချို သွေးတိုးရောဂါတွေကို ထိရောက်စွာ မကုသနိုင်ခဲ့ရင် နောက်ဆက်တွဲ အနေနဲ့ပူးတွဲပါလာမှာက နှလုံးရောဂါ ဖြစ်တာကြောင့် ပြည်သူတွေဟာ ရင်မောစရာ အကြောင်းအရာတွေကိုသာ ဆင့်ကဲ ဆင့်ကဲ ရင်ဆိုင်နေရပါတယ်။
စစ်ကောင်စီဟာ CDM ကျန်းမာရေးဝန်ထမ်းတွေကို အညှိုး အတေးထား ဖိနှိပ်နေ တာတွေ၊ ပုဂ္ဂလိကဆေးရုံတွေနဲ့ ဆေးကုခန်းတွေကို အတင်းအကျပ်ပိတ်ခြင်းတွေ လုပ်ဆောင်နေတာကြောင့် နှလုံးရောဂါကို လက်တွေ့ခံစားနေရသူတွေမှာလည်း ဆေးကုသခံယူဖို့ ခက်ခဲတာ ဆေးမရှိ ဆေးပြတ်လပ်တာတွေနဲ့ စောင့်ရှောက် ကုသပေးသူ မရှိတာတွေကို ခံစားနေရပြန်ပါတယ်။
မြန်မာနိုင်ငံကိုယ်တိုင်ဟာ နှလုံးရောဂါသည်လို ဖြစ်နေတာမို့ ကိုယ့်နိုင်ငံရဲ့ နှလုံးသား အခြေအနေမှန်ကို သိမြင်ပြီး စုပေါင်း ကယ်တင်ကြပါလို့လည်း တိုက်တွန်းလိုပါတယ်။
ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအသောက်ကိုရွေးချယ်ပါ။ လတ်ဆတ်တဲ့ အသီး အရွက်တွေကို စားပါ။ မိမိ ပတ်ဝန်းကျင်မှာ ရနိုင်တဲ့ အစေ့ အဆံတွေ စားပါ။ အခွံမာအသီးတွေ ၊ ပဲအမျိုးမျိုး ၊ အသား နဲ့ ဥ တွေ စားပေးပါ။ မကောင်းတဲ့ အဆီတွေ ရှောင်ပါ။ အငန်၊ အဆိမ့်၊ အချို၊ အကြော်နဲ့ ရေရှည်ခံအစားအစာတွေဖြစ်တဲ့ ငါးပိ ငါးခြောက် နဲ့ ချဉ်ဖက်စတာတွေ လျော့စားပါ။
ကိုယ်လက်လှုပ်ရှား အားကစားကို ချွေးထွက်တဲ့အထိ လုပ်ပါ။ ကျန်းမာရေး ကောင်းကျိုးများ ရအောင်အချိန်မှန်မှန်လုပ်ပေးပါ။ အဝမလွန်စေဘဲ ကိုယ်အလေးချိန်ကို ထိန်းထားပါ။
ဆေးရွက်ကြီး မသုံးစွဲပါနှင့်။ ကွမ်းယာ၊ ဆေးလိပ် ဖြတ်ပါ။ အရက်ဖြတ်ပါ။
စိတ်ဖိစီးမှုတွေ လျော့ချဖို့ကြိုးစားပါ။ သောကကင်းဝေးဖို့ ကြိုးစားကျင့်ကြံပါ။ စိတ်ကျန်းမာရေးအလေးပေးပါ။ မိမိကိုယ်မိမိ ချစ်ပေးပါ။ အလေးပေးပါ။ ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင်ထားပါ။ ဆေးပုံမှန်စစ်ဆေးပါ။ ကိုယ်အလေးချိန်ပုံမှန်ချိန်ပါ။ ဆရာဝန်က ညွှန်ကြားထားတဲ့ ဆေးတွေကို မပျက်မကွက်သောက်ပါ။ ကျန်းမာရေးပညာရှင်တွေ အကြံပေးတာကို လိုက်နာကျင့်သုံးပါ။ အဲ့ဒီအချက်အလက်တွေထဲက ကိုယ်လုပ်ဆောင် နိုင်တဲ့ အရာတွေကို လုပ်ဆောင်ရင်း ရှင်သန်အောင် နေထိုင်ပြုမှုပါလို့ တိုက်တွန်း လိုက်ပါတယ်။
နောက်တပတ်မှာတော့ ပူဆွေးငိုကြွေးခြင်းနဲ့မျက်ရည်တွေ အကြောင်းကို ဆောင်းပါး အဖြစ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
Ayeyarwady Times စာဖတ်ပရိသတ်များနဲ့ ဝိုင်းတော်သားအားလုံးရဲ့ နှလုံးသားတွေ ကျန်းမာရှင်သန်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ရှင်သန်နေတဲ့နှလုံးသားလေးကျန်းမာပါစေ #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။