ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ စက်တင်ဘာလ ၂၄ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဗားရ်ချောင်းတွင် ငါးမျှားရန် သွားနေသော ဦးငွန်ကိပ်ခွဲ (၅၁) နှစ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဦးငွန်ကိပ်ခွဲသည် မြေမြှုပ်မိုင်းနင်းမိသည့်အတွက် ညာဘက် ခြေသလုံးတွင် ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများက သွားရောက်ရှာဖွေနေစဉ် ဖလမ်းမြို့၊ ဗားရ်ချောင်း အနီးတွင် သေဆုံးနေသည့် အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“စစ်‌ကောင်စီတပ်ကတော့ မိုင်းထောင်ထားတာမို့ အဲ့ဒီဘက်ကို မသွားဖို့ တားထားတယ်။ အဲ့ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဗုံးပေါက်သံလို ကြားရတယ်။ အိမ်ပြန်မရောက်လာလို့ မွန်းလွဲ ၂ နာရီနောက်ပိုင်းမှာ ဒေသခံတွေက သွားရှာကြတယ်။ ဗားရ်ချောင်းနဲ့ ၅ ဖာလုံခန့်မှာ အလောင်းကို တွေ့ကြတယ်။ ငါးထားဖို့ ယူသွားတဲ့ မြုံးကို ခေါင်းအုံးပြီး အိပ်တဲ့ ပုံစံမျိုးနဲ့ တွေ့ရတယ်။ ဒဏ်ရာရရှိထားတဲ့ ခြေသလုံးကနေ သွေးထွက်လွန် ပြီးတော့ ဆုံးသွားတယ်လို့ ယူဆရတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းပြည်နယ်တွင် ၂၀၂၁ခုနှစ်မှ စတင်၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအထိ မြေမြှုပ်မိုင်းကြောင့် ကလေးသူငယ်များအပါအဝင် ဒေသခံစုစုပေါင်း ၂၁ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၇ ရှိပြီဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ-မိုင်းနင်းမိ၍ သေဆုံးသွားသည့် ဦးငွန်ကိပ်ခွဲ

#ချင်းပြည်နယ် #ဖလမ်းမြို့ #ဗားရ်တံတားအနီး #စစ်ကောင်စီတပ် #မြေမြှုပ်မိုင်းနင်းမိ #ဒေသခံအမျိုးသားသေဆုံး #Ayeyarwaddy_Times