
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၃ ရက်
ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လည်ဖွင့်လှစ်လိုက်သည့် မြန်မာ- တရုတ် နယ်စပ်ဂိတ်မှ ယာယီ ဖြတ်သန်းသွား လာခွင့်လက်မှတ်နှင့် မြန်မာဘက်မှ နေ့စဉ် လူ ၅၀၀ ကျော် သွားရောက်နေပြီး passport ဖြင့်ဖြတ်သန်းသွားလာနိုင်ရန် ဆွေးနွေးနေကြောင်း သိရသည်။
စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်နေ့အထိ လူ ၃၅၀၀ ကို ယာယီ နယ်စပ် ဖြတ်သန်းခွင့်ပြုထားပြီး ကျန်ရှိနေသူများကို ရက်ချိန်းပေးစနစ်ဖြင့် ယာယီနယ်စပ် ဖြတ်သန်းသွားခွင့်လက်မှတ် (TBP)ကို ဆက်လက်ထုတ်ပေးနေကြောင်း စစ်ကောင်စီ၏ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနထံက သိရသည်။
အဆိုပါ နယ်စပ်ဂိတ်သည် တရုတ်နိုင်ငံ၏ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် စီမံကိန်းလမ်းကြောင်းတွင် ပါဝင်ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနယ်ပြည်နယ်အတွက် အရေးပါမှု အခြေအနေတွင် ရှိသဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသမှတဆင့် နှစ်နိုင်ငံသားများ Passport ဖြင့် ဖြတ်သန်းသွားလာနိုင်ရန်ဆွေးနွေးလျက်ရှိကြောင်း စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
လက်ရှိတွင် မြန်မာလုပ်သားများသည် လူဝင်ထွက်ခွင့်ရသည့်နယ်စပ်ဂိတ်မှနေ၍ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ကာ အလုပ်ရှာဖွေရေးအပါအဝင် အလုပ်လုပ် ကိုင်နိုင်ရန်ကြိုးစားသော်လည်း အချိန်တစ်ပတ်သာရရှိ၍ အခက်အခဲများစွာ ရှိကြောင်း မူဆယ်ဒေသခံများထံက သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရှိ မြန်မာ – တရုတ်နယ်စပ်၊ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့မှ မြန်မာ နိုင်ငံသားအားလုံးအတွက် ယာယီနယ်စပ်ဖြတ်သန်းသွားခွင့် လက်မှတ် (TBP) ကို စက်တင်ဘာ ၄ ရက်နေ့တွင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာ-တရုတ် နယ်စပ်စစ်ဆေးရေးဂိတ်များမှ နှစ်နိုင်ငံပြည်သူများ ဖြတ်သန်း သွားလာပြီး စီးပွားရေး၊ လူမှုရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အပါအဝင် နယ်စပ်ဒေသလုံခြုံရေးနှင့် တရားမဝင် ဝင်ထွက်မှု မရှိစေရန်၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် အွန်လိုင်းဖြင့် လောင်းကစားမှုများ မရှိစေရန် ဆောင်ရွက်ရမည်ဟု ဆိုထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#မြန်မာတရုတ်နယ်စပ်ဂိတ် #TBP #နေ့စဉ်လူ၅၀၀ကျော်ဖြတ်သန်း #Passport #Ayeyarwaddy_Times