
ဧရာဝတီတိုင်းမ်
(ကနီ)၊ စက်တင်ဘာလ ၂၃ ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီသင်္ဘော ၁၃ စီးပါ ရေယာဉ်အုပ်စုကို ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်၊ နံနက် ၈ နာရီဝန်းကျင်က ကျောက်လုံးကြီး KLG PDF နှင့်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကနီမြို့မှစုန်ဆင်းလာသည့် အဆိုပါစစ်သင်္ဘော ၁၃ စီးကို ကနီမြို့နယ်အတွင်းရှိ ချင်းတွင်း မြစ်ကမ်းတစ်လျှောက် တော်လှန်ရေးတပ်ဖွဲ့များက နေရာ သုံး နေရာခွဲ၍ တိုက်ခိုက်ခဲ့ရာ သင်္ဘောတစ်စီး စက်ရပ်ကာပျက်စီးခဲ့ပြီး အခြားသင်္ဘောတစ်စီးက ဆွဲသွားကြောင်း သိရသည်။
” ဒီသင်္ဘောအုပ်စုက မင်းကင်းမှာမှောက်သွားတဲ့အုပ်စုပဲ။ ထိခိုက်တာတွေကတော့ မသိရသေးဘူး။ တွေ့ရတာတော့ စစ်သင်္ဘောတစ်စီးက စက်ရပ်သွားပြီး ဆွဲသွားရတယ်။ ဒီသင်္ဘောတွေက ထောက်ပို့သင်္ဘောတွေ၊ ဟုမ္မလင်းဘက်ကဆင်းလာတာ။ လူအင်အား ထက် စစ်လက်နက်၊ ရိက္ခာပို့ကြတာ” ဟု ကျောက်လုံးကြီး PDF တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုအခါ အဆိုပါ စစ်သင်္ဘော ၁၃ စင်းသည် မုံရွာ၊ အလုံဆိပ်ကမ်းသို့ရောက်ရှိနေပြီး စစ်ကောင်စီက စစ်တောင်းမြစ်ကမ်းတစ်လျှောက်ရှိ ကလေး၊ ဟုမ္မလင်း၊ မင်းကင်း စသည့်မြို့နယ်များမှ ပျူရွာများ၊ စစ်ကောင်စီစခန်းများကို ရိက္ခာများ၊ စစ်လက်နက် ပစ္စည်းများကို စစ်သင်္ဘောများအသုံးပြု၍ မကြာခဏ ပို့ဆောင်လေ့ ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ KLG PDF(ကျောက်လုံးကြီး)အဖွဲ့ နှင့်ကနီ၊ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲ၊ တပ်မဟာအဖွဲ့များဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်ခံရသည့် စစ်သင်္ဘော ၁၃ စီးအနက် စစ်ကောင်စီတပ်ဖွဲ့ဝင်များပါဝင်သည့် သင်္ဘောတစ်စီးသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က တိမ်းမှောက်ခဲ့ပြီး လူတစ်ရာဝန်းကျင် သေဆုံးနိုင်ကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ – စစ်သင်္ဘောတစ်စီးကိုတွေ့ရစဉ်(ပုံအဟောင်းကိုအသုံးပြုထားသည်။)
#ကနီ #မင်းကင်း #စစ်သင်္ဘော #ပစ်ခတ်ခံရ #တော်လှန်ရေးတပ်ဖွဲ့ #Ayeyarwaddy_Times