ဧရာဝတီတိုင်းမ်
(ချင်း)၊ စက်တင်ဘာလ ၂၃ ရက်

တော်လှန်ရေးကာလတွင် ချင်းပြည်ဖွဲ့စည်းပုံအခြေခံ ( Chinland Constitution)ပေါ်ပေါက်လာရေး၊ ချင်းပြည်ကောင်စီ(Chinland Council) ဖွဲ့စည်းရေးနှင့် ချင်းပြည်(Chinland) ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး စသည့် မဏ္ဍိုင်သုံးရပ် ဖွဲ့စည်းထူထောင်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရန်နှင့် ညီလာခံ ဖြစ်မြောက်နိုင်‌ရေးအတွက် Working Committee For Chinland Council Conference (WCCCC)ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Pre-Plenary Meeting For Chinland Council ကို စက်တင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ နယ်စပ်တနေရာတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင် စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းရေး၊ ချင်းအမျိုးသား တည်ဆောက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေကြသော ချင်းအမျိုးသားတပ်ဦး၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း ၁၀၈ ဦးတက်ရောက်ခဲ့ကြောင်းWorking Committee For Chinland Council Conference(WCCCC)၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဖက်ဒရယ်ယူနစ် အဆင့်မှာက အုပ်ချုပ်‌ရေးယန္တရားမရှိ နိုင်သေးတာဆိုတော့ အဲ့ဒါကို ကျွန်တော်တို့က ချင်းပြည်အားလုံးကို လွှမ်းခြုံတဲ့ အုပ်ချုပ်ရေးတရပ်ပေါ့။ ဖက်ဒရယ်ယူနစ်တစ်ခုလုံးကို လွှမ်းခြုံတဲ့ အုပ်ချုပ်ရေး ယန္တရားတစ်ခု တည်ဆောက်ဖို့အတွက် ကြိုးစားမှုတစ်ခုပါပဲ” ဟု WCCCC၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာငိုင်တမ်မောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီက မြို့ပေါ်ကိုသာ ထိန်းချုပ်ထား၍ ကျန်နယ်မြေများကို ချင်းကာကွယ်ရေး တပ်ဖွဲ့များက စိုးမိုးထားပြီး အုပ်ချုပ်ရေးယန္တရားများလည်း ပုံမှန်လည်ပတ်နေပြီဖြစ်သည်။
Pre-Plenary Meeting For Chinland Councilတွင် အဖွဲ့အစည်းနှစ်ခု တက်ရောက်လာနိုင်ခြင်း မရှိကြောင်းသိရပြီး မတက်ရောက်လာနိုင်သေးသည့် အဖွဲ့အစည်းနှစ်ခုကိုလည်း ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

“CJDCမှာပါတဲ့ ၁၇ ဖွဲ့ပေါ့လေ။ မြို့နယ်နဲ့ ဒေသကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေအနေနဲ့ အစည်းအဝေး တက်လာကြတာ။ သူတို့ကတော့ ကာကွယ်ရေးပိုင်းပေါ့နော်။ နောက်ပြီးတော့ စီမံအုပ်ချုပ်မှုပိုင်းကလည်း တချို့မြို့နယ်တွေက ပြည်သူ့အုပ်ချုပ်ရေးဆိုတဲ့ အမည်နာမနဲ့ပေါ့။ တချို့ကျတော့ မြို့နယ်ကောင်စီအမည်နဲ့ပေါ့။ နာမည်တွေကတော့ ကွဲပြားတယ်။ သို့သော်လည်း အစည်းအဝေးတက်ရောက်လာကြတဲ့ ၁၀၈ ဦးမှာ အကုန်လုံး ပါလာပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာငိုင်တမ်မောင်က ဆက်လက်ပြောဆိုသည်။

ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန် စစ်အာဏာရှင်များကို ဖယ်ရှား၍ ချင်းပြည်သည် ဖက်ဒရယ်ယူနစ် တစ်ခုဖြစ်လာမည်ဖြစ်ပြီး အခြားတိုင်းရင်းသား ညီအစ်ကိုများနှင့်အတူ ဖက်ဒရယ် ပြည်ထောင်စု၊ ဖက်ဒရယ်ယူနစ် တစ်ခု၏ အစိုးရကို တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။

“အခုကတော့ ကျွန်တော်တို့ EROs ဖြစ်တဲ့ CNF ရော မြေပြင်ချင်းကာကွယ်ရေးတပ်ဖွဲ့၊ ဒေသန္တရအစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရယ် အားလုံးပေါ့လေ စုစုစည်းစည်းနဲ့ လုပ်ဆောင်နိုင်တဲ့အပေါ် ကျွန်တော်တို့လည်း အများကြီးအားရမိတယ်။ ပိုပြီးတော့ ပြည့်စုံလာအောင်ပေါ့။ အခုအစည်းအဝေး မတက်နိုင်သေးတဲ့ အဖွဲ့နှစ်ဖွဲ့လည်း ဆက်လက်ပြီးတော့ နောက်တခေါက် ပါဝင်နိုင်အောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ”လို့ WCCCC ၏ ဒေါက်တာငိုင်တမ်မောင်က ဆိုသည်။
တာဝန်ပေးအပ်မှုအရ WCCCC သည် တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲခြင်းကို ဆောင်ရွက်လျက်ရှိပြီးChinland Council ညီလာခံကြီး ကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#ချင်းပြည် #ဖက်ဒရယ်ယူနစ် #ပေါ်ပေါက်လာနိုင်‌ရေးအတွက် #WCCCCကိုဖွဲ့စည်းပြီး
#Ayeyarwaddy_Times