
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၃ ရက်
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ရှောက်ခုံနှင့် ဘက်ရဲကျေးရွာအဝင်အထွက်လမ်း၌ စက်တင်ဘာ ၂၁ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီး(ပြည်သူ့စစ်)ပူးပေါင်းအဖွဲ့ မှ ကင်းပုန်းချ၍ ခရီးသွား လူငယ်များကို ပစ်မှတ်ထား ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လာကြောင်း ဒေသခံများထံက သိရသည်။
ကြံခင်းမြို့နယ် ရှောက်ခံကျေးရွာအဝင်အထွက်လမ်းတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီး(ပြည်သူ့စစ်) ပူးပေါင်းအဖွဲ့ မှ အင်အား ၃၀ခန့်ဖြင့် ကင်းပုန်းချ၍ ခရီးသွားဒေသခံ လူငယ်အမျိုးသားများ ကို ရှာဖွေစစ်ဆေးမှု ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံလူငယ်များက ပြောသည်။
”နေ့ခင်းဘက် ရွာကိုစစ်တပ်ရော ပျူစောထီးတွေပါ ဝင်လာတာ။ ရွာအဝင်လမ်းမှာ ကင်းပုန်းချပြီးတော့ လူငယ်ကောင်လေး တွေချည်းပဲ မေးစစ်တယ်။ အခုထိရွာထဲကနေ ပြန်မထွက်သေးဘူး။အယောက်၃၀ လောက်ရှိတယ် ” ဟု ရှောက်ခံကျေးရွာဒေသခံ လူငယ်အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် ဖရဲကျေးရွာတွင်လည်း စစ်ကောင်စီတပ်နှင့် ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ မှ အင်အား၂၀ ခန့်ဖြင့် ရွာအဝင် အထွက်နေရာ၌ ကင်းချကာ လူငယ်အမျိုးသား များကို စစ်ဆေးမေးမြန်းမှုများ ရှိနေကြောင်း သိရသည်။
ယင်းသို့လုပ်ဆောင်ရန် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)မှ တဆင့် မြန်အောင်အခြေစိုက် ခလရ (၅၁)ထံသို့ လျို့ဝှက်ညွှန်ကြားခဲ့ကာ စက်တင်ဘာလကုန်အထိ စစ်ဆေးဖမ်းဆီးဆောင်ရွက်ရန် ရှိကြောင်း ခလရ (၅၁)နှင့်နီးစပ်သည့်တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။
“နတခ ကနေ ၁၉ ရက်နေ့က ကြေးနန်းပို့ပြီး လျို့ဝှက်ညွှန်ကြားတာ။ ကြံခင်းနဲ့အနီးတဝိုက်က PDF သတင်းစုံစမ်းဖို့ကို အဓိက ခိုင်းခံရတယ်။အဲဒါကို လူငယ်တွေကိုဦးတည်ပြီး ဖမ်းဖို့ကင်းပုန်းချနေတာ” ဟု အဆိုပါ တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။
ကြံခင်းမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လတွင်းကလည်း ကြံခင်းမြို့အနီးရှိ ရခိုင်ရိုးမတောင်တန်းပေါ်၌ တော်လှန်ရေးစခန်းများရှိသည်ဟု အကြောင်းပြ၍ စစ်ကောင်စီတပ်မှ အင်အား ၅၀ နီးပါးဖြင့် စစ်ကြောင်းထိုးကာ တော်လှန်ရေးအင်အားစုစခန်း ငါး ခု အပါအဝင် လက်နက်ငယ်အချို့ သိမ်းဆည်းခံခဲ့ရသည်။
#ကြံခင်းမြို့ #ရှောက်ခုံဘက်ရဲကျေးရွာ #အဝင်အထွက်တွင် #စစ်ကောင်စီ #ပူးပေါင်းအဖွဲ့ #ကင်းပုန်းချ #ဒေသခံလူငယ်များ #စစ်ဆေးမှုပြုလုပ်နေ #Ayeyarwaddy_Times