
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ စက်တင်ဘာလ ၂၃ ရက်
အမှတ် ၈ ပြည်ထောင်စုကားလမ်းမကြီး ၊ ရန်ကုန်-ထားဝယ် အဝေးပြေးကားလမ်းမနှင့် ထားဝယ်ခရိုင်အတွင်းရှိ အဝေးပြေးလမ်းများတွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညပိုင်း ခရီးသွားလာခြင်းမပြုကြရန် DGRF (ထားဝယ်)၊ ဝေဟင်တပ်စု (ရေဖြူ) နှင့် Dawei Defense Team – DDT ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ သုံးဖွဲ့က စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။
ထားဝယ်-ရန်ကုန် လမ်းပိုင်းတွင် ညပိုင်းသွားလာခြင်း မပြုကြရန် ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ကလည်း စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ လမ်းပိုင်းများတွင် သွားလာနေကြသည့် ခရီးသွားပြည်သူများအနေဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်များ၏ စစ်ဆေးခြင်းကို လက်ခံပေးကြရန် နှင့် စစ်ကောင်စီ တပ်ဖွဲ့ ကားများနှင့်အတူ အနီးကပ်မောင်းနှင်ခြင်းမပြုရန်တို့ကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
“ကျွန်တော်တို့အခုလို ထုတ်ပြန်သတိပေးနေရတယ်ဆိုတာ ပြည်သူတွေလည်း သိမှာပါ။ စစ်ကောင်စီတပ်က ညပိုင်းတွေမှာ အင်အားဖြည့်တင်းတာ တွေလုပ်နေတယ်။ ပြီးတော့ လက်နက်ခဲယမ်း နဲ့ ရိက္ခာတွေ လည်းသယ်ယူနေကြတယ်။ ကျွန်တော်တို့က ပြည်သူတွေ ထိခိုက်နစ်နာမှာကို လုံးဝ မလိုလားဘူး။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ ကျွန်တော်တို့ရဲ့ ကြေညာချက်အပေါ် လိုက်နာဆောင်ရွက် ပူးပေါင်းပါဝင်ပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဟု DGRF မှ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ် ကိုပြောသည်။
အဆိုပါ လမ်းပိုင်းများတွင် လိုအပ်ပါက ရှောင်တခင်စစ်ဆေးမှုများ ကိုလည်း ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး စက်တင်ဘာလ ၇ ရက်နေ့ ကလည်း ရန်ကုန်-ထားဝယ်ကားလမ်း ရေဖြူမြို့နယ် အပိုင်းတွင် ပြည်သူ့ကာကွယ်ရေး တပ်များမှ စုပေါင်း၍ လမ်းပိုင်း စစ်ဆေးမှု များပြုလုပ်ခဲ့ကြောင်း သိရသည်။
“PDF တွေ လုံခြုံရေးအရ စစ်ဆေးတာကိုတော့ ကျွန်တော်တို့ကြည်ဖြူစွာခံယူပါမယ်။ စစ်ဆေးပြီးရင် ပြန်လွှတ်ပေးတာပဲ့လေ။ ဒါပေမဲ့လမ်းခရီး သွားလာတဲ့အခါ လမ်းမှာ အချိန်ကြန့်ကြာ မှုတော့ နည်းနည်းရှိတာပေါ့ “ ဟု ရန်ကုန်-ထားဝယ် ခရီးသည်တင် ယာဥ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
စစ်ကောင်စီတပ်ကလည်း ရန်ကုန်-ထားဝယ်လမ်း တနင်္သာရီတိုင်းဒေသကြီးအဝင် မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် ညနေ ၆ နာရီကျော်ပါက ဂိတ်ပိတ်ပြီး ကားများ ဖြတ်သန်းခွင့် မပြုတော့ကြောင်း ယာဥ်မောင်း သမားများထံက သိရသည်။
ဓာတ်ပုံ – ဇူလိုင်လက ရန်ကုန်-ထားဝယ်လမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များ စစ်ဆေးမှုပြုလုပ်ခဲ့စဥ်။
a#ရန်ကုန်ထားဝယ်ကားလမ်းတွင် #ညပိုင်းသွားလာခြင်းမပြုရန် #PDFပူးပေါင်းတပ်ဖွဲ့ #ထုတ်ပြန် #Ayeyarwaddy_Times