
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၃ ရက်
ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်ရှိ ကျေးရွာတစ်ချို့ တွင် စက်တင်ဘာလ ၂၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေ ၀င်ရောက်ပြီး ချောင်းကူးတံတားပျက်စီးပြီး ကျေးရွာတစ်ချို့ နေအိမ်ရေ၀င်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း
ဒေသခံများထံမှသိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ၀င်ရောက်မှုကြောင့် ကွင်းချောင်းကျေးရွာအုပ်စု သာကျော်ကွင်းကျေးရွာ တစ်ရွာလုံး နေအိမ်နှင့် လမ်းများ ရေနစ်မြုပ်ခဲ့ကြောင်း ဒေသခံများမှ ပြောသည်။
“တောင်ကျချောင်းရေကြောင့် မော်တင်ကားလမ်းကွင်းချောင်းကျေးရွာအုပ်စုကနေ ကျန်တဲ့ ကျေးရွာအုပ်စု ၄ ခုဆက်သွယ်ထားတဲ့ ချောင်းကူးတံတား နံရံပြိုကျသွားတယ်။ ကျေးရွာတစ်ရွာ ရေမြုပ်နေတယ်၊ လာပြင်ပေးဖို့ ဌာနဆိုင်ရာတွေ လာကြည့်နေတာတော့တွေ့တယ်”ဟု ဒေသခံ ရွာသားတစ်ဦးမှပြောသည်။
စက်တင်ဘာလ ၁၉ ရက်နေ့က ပုသိမ်မော်တင် လမ်းမကြီးမှ ကွင်းချောင်းကျေးရွာအုပ်စု၊ ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ကမ်းနီချောင်းကျေးရွာအုပ်စု တမန်ချောင်းကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားသော ချောင်းကူးတံတားသည် တောင်ကျချောင်းရေကြောင့်အောက်ခြေမြေသား နိမ့်ကျခဲ့ပြီး စက်တင်ဘာလ ၂၁ ရက်နေ့တွင်အုပ်ရိုးကျိးပျက် မြေသား ပြိုကျခဲ့ကြောင်း ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှသိရှိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၉ရက်နေ့ကလည်း ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စု ၊ယောင်းယင်းကျေးရွာတွင်မိုးသည်းထန်စွာရွာသွန်းပြီးတောင်ကျချောင်းရေ စီးဆင်းမှုကြောင့် လူနေအိမ်တစ်လုံးနှင့် အမျိုးသားတစ်ဦးသေဆုံးသွားသည့် ဖြစ်စဥ်ဖြစ်ပွားခဲ့သေးကြောင်းဒေသခံများထံမှ သိရှိရသည်။
#ငပုတောမြို့နယ် #တောင်ကျချောင်းရေ #ရေနစ်မြုပ် #စစ်ကောင်စီတပ် #Ayeyarwaddy_Times