ဧရာဝတီတိုင်းမ်

(ပဲခူး)၊ စက်တင်ဘာလ ၂၃ ရက်

ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသတွင် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း တောင် ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနေရာပြောင်းလဲပြီးနောက် စစ်ကောင်စီက စစ်ကြောင်း ထိုးကာ ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးမှု ပိုမိုများပြားလာကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးမီးရှို့မှုများကို ပြုလုပ်ခဲ့သည့် ဗိုလ်မှူးချုပ် ကြည်သိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ပြောင်းရွှေ့လာပြီး နောက် စစ်တောင်းမြစ်ဝှမ်း ဒေသများဖြစ်သည့် မုန်းမြို့နယ်၊ ဖြူးမြို့နယ်၊ ကျောက်တံခါး မြို့နယ်များမှ နေအိမ်များအပြင် တောင်ငူ၊ နတ်တလင်း စသည့်မြို့နယ်များတွင်လည်း နေအိမ်မီးရှို့ခံမှုများ ပိုမိုများပြားလာခဲ့သည်။

“မေလအတွင်းက ဖြစ်ပွားခဲ့တဲ့ ညောင်ပင်သာ လူသတ်မှုနောက်ပိုင်း တောင်ပိုင်းတိုင်း တိုင်းမှူး ပြောင်းလဲပြီးနောက် ကျေးရွာ တွေကိုမီးရှို့ဖျက်ဆီးတာက ဆက်တိုက်ဆိုသ လိုဖြစ်လာတယ်။ မကြာခင်ကပဲ ‌ငထွေစုပ်မှာရှို့သွားသေးတယ်။ မီးရှို့တာက ပုံမှန်လိုတောင်ဖြစ်နေပြီ။ သူတို့က နေရာ တိုင်းမှာကို တူညီတဲ့ပုံစံတွေဖြစ်အောင် လုပ်နေတာ” ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် သစ်ချဆိပ်၊ အုတ်ဖြတ်၊ ကညင်ကျ၊ သမန်း ကျင်း စသည့်ကျေးရွာများတွင်လည်း မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်များစွာ ရှိကြောင်း သိရသည်။

မုန်းမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်က ငထွေစုပ်ကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်က နေအိမ် ၃၄ လုံးကိုဖျက်ဆီးခဲ့ပြီး ကေအန်ယူ တပ်မဟာ- ၂ နယ်မြေအတွင်းရှိ ကျေးရွာမှနေအိမ် ၁၂ လုံးကိုလည်း မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“စစ်တပ်က ဒီလိုလုပ်တာက ပြည်သူတွေနေလို့မရအောင်၊ ပြည်သူတွေထွက်ပြေးအောင်၊ စစ်ရှောင်တွေ ဖြစ်အောင်လုပ်နေကျတာ။ တစ်ဖက်ကလည်း ရိက္ခာနဲ့ပါတ်သတ်ပြီး ပိတ်ပင်တာ၊ ဖမ်းဆီးတာ၊ ငွေတောင်းတာတွေလုပ်နေကြတယ်။ ပြည်သူကို ကာကွယ်မဲ့ အစား အဖက်ဖက်ကနေ ဒုက္ခရောက်အောင်လုပ်နေကြတာ” ဟု အဆိုပါ တော်လှန်ရေး တပ်ဖွဲ့ဝင်က ဆက်လက်ပြောသည်။

စစ်တောင်းမြစ်ဝှမ်းဒေသ အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ ရှိသော်လည်း နေအိမ်မီးရှို့ခံရမှုများမှာ ‌တောင်ပိုင်းတိုင်းစစ်တိုင်းမှူးပြောင်းလဲချိန်တွင် ပိုမိုများပြားလာခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် ဩဂုတ်လအစောပိုင်းကလည်း ဖြူးမြို့ကြာ အင်းရွာတိုက်ပွဲအတွင်း နေအိမ်အလုံး သုံးဆယ်ကျော် မီးရှို့ခံခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံကသိရသည်။

လက်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အဖြစ်တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူးချုပ် ကြည်သိုက်သည် စစ်ကိုင်းတိုင်းအတွင်း တာဝန်ကျစဉ် စစ်ကြောင်းထိုး မီးရှို့မှုများ ကိုလုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ရေဦးမြို့နယ်၊ မုန်တိုင်ပင်ရွာတွင် လူ ၂၉ ဦးကိုအစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တွင် အဓိကတာဝန်ရှိသူ တစ်ဦးဖြစ်ကြောင်း လည်း သိရသည်။

ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး

#ပဲခူး #စစ်တောင်းမြစ်ဝှမ်းဒေသ #စစ်ကောင်စီတပ် #မီးရှို့ #တောင်ပိုင်းတိုင်းစစ်ဌာချုပ် #တိုင်းမှူးဗိုလ်မှူးချုပ်ကြည်သိုက် #ဒေသခံနေအိမ် #ဖျက်ဆီး #Ayeyarwaddy_Times