
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်
အေးချမ်းမှု အပြည့်အ၀ မရှိသည့် ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် အပါအဝင် ဒေသ ၁၄ ခုသည် ပြည်တွင်း ၊ ပြည်ပ ခရီးသွားများ ဦးစားပေးသွားလာသင့်သောနေရာများ ဖြစ်သည်ဟု စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ယမန်နေ့ စက်တင်ဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ဦးစားပေးသွားလာသင့်သောနေရာများ အဖြစ် စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးထုတ်ပြန်သောနေရာများမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော-တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင် နှင့် ပူတာအိုတို့ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်းခရီးသွားများက ပုဂံ၊ ချောင်းသာနှင့် ကလောဒေသများကို သွားရောက် လည်ပတ်မှုရှိပြီး လူအယောက်နှစ်ဆယ်စာ ကားတစ်စီးပြည့်လျှင် ခရီးစဉ်ထွက်ကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးထံက သိရသည်။
” ဒီကာလထဲသွားကြတယ်။ ဈေးတန်တာကို။ ပုဂံဆိုနှစ်ညအိပ်လောက်ဆို တစ်ယောက် တစ်သိန်းရှစ်သောင်းလောက်ပဲယူတာ။ အဲဒီတော့ သွားကြပါတယ်။ နေပြည်တော်တော့ ဘယ်သူမှမသွားဘူး။ ဘာမှမဖြစ်တဲ့နေရာသွားကြတာပေါ့။ လမ်းမှာစစ်ဆေးတာတွေ ရှိတာပေါ့။ ဘုရားဖူးသွားမယ်ပြောရင်ရတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အေးချမ်းမှု အပြည့်အ၀ မရှိသည့် ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် တို့ကိုလည်း ခရီးသွားသင့်သည့် နေရာများအဖြစ် စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးက သတ်မှတ် ထားသည်။
စစ်ကောင်စီသည် နိုင်ငံခြားဝင်ငွေရရှိနိုင်မည့် ခရီးသွားလုပ်ငန်းကို ပြန်လည်စတင်လိုပြီး ရုရှားခရီးသွားများဖိတ်ခေါ်နေကာ တရုတ်နှင့် အိန္ဒိယနိုင်ငံသားများကို ဆိုက်ရောက်ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးက ထိုသို့ ထုတ်ပြန်ထားသော်လည်း မြန်မာနိုင်ငံသည် မတည်ငြိမ်မှုများနဲ့ လက်နက်ကိုင်ပဋိပက္ခအခြေအနေကြောင့် အမေရိကန်နိုင်ငံသားများ အနေဖြင့် ခရီးသွားလာမှုမလုပ်ရန် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဌာနက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၄ နေ့တွင် သတိပေးထုတ်ပြန်ထားသည်။
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဌာန၏ ခရီးသွားလာမှု သတိပေးချက်တွင် မြန်မာနိုင်ငံကို အနီရောင်အဆင့် လေး အဖြစ်သက်မှတ်ထားပြီး အဆိုပါ သက်မှတ်ချက်သည် မြောက်ကိုရီးယား၊ အာဖဂနစ္စတန်၊ အီရန် နှင့် ရုရှားတို့ နည်းတူထားရှိခြင်းဖြစ်၍ အဆိုးဆုံး သက်မှတ်ချက်ဖြစ်သည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
#အေးချမ်းအပြည့်အ၀မရှိ #ရန်ကုန်မန္တလေးနေပြည်တော် #ဒေသ၁၄ခု #ခရီးသွားလည်ပတ်သင့် #ဟိုတယ်နှင့်ခရီးထုတ်ပြန် #Ayeyarwaddy_Times