
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ နိုင်ငံရေး ထွက်ပေါက်ဟု ယူဆထားသော ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် စစ်ကောင်စီတပ်မှ စစ်ဗိုလ်ချုပ်များထက် အရပ်ဘက်စစ်ကောင်စီဝင်များကို အသုံးပြု၍ ပိုမိုကွင်းဆင်း စည်းရုံးလာနေပြီး မြန်မာလူထုနှင့် ကမ္ဘာ့နိုင်ငံများကို ဟန်ပြလုပ်ဆောင်နေကြောင်း CDM အရာရှိနှင့် လေ့လာသူများက ဝေဖန် သုံးသပ်ပြောကြားသည်။
ကချင်ဒေသအပါအဝင် ခုခံတော်လှန်ရေး အားကောင်းနေသည့် ဒေသများမှ အရပ်ဘက် စစ်ကောင်စီ အဖွဲ့ဝင်များဖြစ်သော ဒေါ်ဒွဲဘူ၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပိုးရယ် အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ မန်းငြိမ်းမောင် နှင့် ခွန်စံလွင်တို့သည် ယခုလ စက်တင်ဘာ ဒုတိယပတ်မှစတင်၍ နေ့စဉ်ရက်ဆက် မြေပြင်ကွင်းဆင်း စည်းရုံးရေးများ လုပ်ဆောင်လာကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။
စစ်ကောင်စီသည် လက်ရှိအခြေအနေတွင် စစ်ရေးတွင် ပန်းလာသည့် အတွက် စည်းရုံးရေးဖြင့် ပြန်လည်ကွင်းဆင်းကာ ပိုမိုအားထည့်လာသည့်ကိုတွေ့ရကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
“(ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်က ရွေးကောက်ပွဲကို မဖြစ်မနေလုပ်မယ့် သဘော ရှိတယ်။ မဖြစ်မနေ လုပ်မယ်ဆိုတော့ မတည်ငြိမ်တဲ့ နေရာအားလုံးကိုသာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုရင် နေပြည်တော်နဲ့ အခြားမြို့ကြီးအချို့ပေါ့နော်။ အဲဒါလောက်ပဲ ကွက်ကွက်ကလေးပဲ ဖြစ်လာတော့မယ်။ အဲဒီတော့ သူကရွေးကောက်ပွဲကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာ မဖြစ်ရင်တောင်မှ ထိန်းချုပ် နယ်မြေတွေကလွဲရင် ကျန်တဲ့ နေရာတွေအားလုံးမှာ သူလုပ်နိုင်ဖို့ ကြိုးစားနေမှာ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်က ၎င်းတို့၏ အန္တိမရည်မှန်းချက်သည် ရွေးကောက်ပွဲ ကျင်းပ နိုင်ရေးဖြစ်သည်ဟု ထပ်တလဲလဲ ပြောဆိုထားပြီး ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ အဖွဲ့ဝင်သစ်များနှင့် တွေ့ဆုံရာတွင်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နိုင်ငံတဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့ကို ပြည်သူလူထုက ထောက်ခံမှုရှိနေသည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ထင်ယောင်ထင်မှား ထုတ်လွှင့်နေသော အရာများသည် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်နေဝင်း စတင်လုပ်ဆောင်ခဲ့သော အခင်းအကျင်းဟု ဆို၍ရနိုင်သည်။ ဗိုလ်သန်းရွှေ လက်ထက်တွင်လည်း ထိုအခြေအနေများကို တွေ့မြင်ခဲ့ရ သောကြောင့် အဆိုပါနည်းအတိုင်း လက်ရှိစစ်ခေါင်းဆောင်က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ် -NPLUF မှ တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက သုံးသပ်ပြောကြားသည်။
“အခု လုပ်နေတာတွေက စစ်ခေါင်းဆောင် (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် စိတ်ကူးတွေယဉ်ပြီး အိမ်မက်မက်နေတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းမှုတွေ ပြုလုပ်နေတာလို့ မြင်ကြည့်လို့ရတယ်။ နောက်အခြား တစ်ဖက်မှာလည်း ၂၀၀၈ ခြေဥပါ ပြဌာန်းချက်တွေကို ချိုးဖောက်ပြီး လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တာကို တရားဝင်အာဏာ လွှဲပြောင်းရယူခဲ့သယောင်ယောင် မြန်မာလူထုနဲ့ ကမ္ဘာ့နိုင်ငံတွေကို ဟန်ပြလုပ်နေတဲ့ ပြယုဂ်တွေပဲလို့ ဆိုနိုင်တယ်” ဟု တရားလွှတ်တော်ရှေ့နေ စောဘဦး လေးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဓာတ်ပုံ – စစ်ကောင်စီ
ပုံစာ – စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ဒေသခံများ တွေ့ဆုံစဉ်
#စစ်ခေါင်းဆောင် #ရွေးကောက်ပွဲ #အရပ်ဘက်စစ်ကောင်စီဝင်များ #ပိုမိုကွင်းဆင်းစည်းရုံး #Ayeyarwaddy_Times