ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်တွင်
ရခိုင်ရိုးမ တောင်ခြေ အနီးကျေးရွာအချို့မှဒေသခံများကို စစ်ကောင်စီတပ်မှ တစ်ရွာလျှင် သုံးဦးနှုန်းဖြင့် ညကင်းစောင့်ခိုင်းကာကင်းမစောင့်နိုင်သူများအပေါ် တစ်ညလျှင်ငွေကျပ်၅၀၀၀ ထက်မနည်း ဒဏ်ငွေရိုက်မှုများရှိနေကြောင်း ဒေသခံများထံက သိရသည်။

မြန်အောင်မြို့နယ် ရခိုင်ရိုးမတောင်ခြေဖြင့်ထိစပ်နေသည့် ဘန့်ဘွေးကုန်း၊ တပ်ကုန်း၊ ရေတာကျေးရွာများမှ တစ်ညလျင် သုံးဦးနှုန်းဖြင့် ကင်းစောင့်ခိုင်းမှုများ ရှိနေကြောင်းကျေးရွာဒေသခံများထံကသိရှိရသည်။

” တစ်ညကိုသုံးယောက်စီ ရွာတိုင်းညကင်းစောင့်ခိုင်းတယ်။ရွာထဲလူစိမ်းတွေ့တာနဲ့ဝိုင်းဖမ်းခိုင်းတာ။ ဘာလက်နက်မှမပါပဲကင်းစောင့်ခိုင်းတော့ဘယ်လိုလုပ်သွားဖမ်းရဲမလဲ။မဖမ်းရင်လည်းပြဿနာအရှာခံရမှာ ကြောက်တော့မလုပ်မနေရလုပ်ရတာပါပဲ” ဟု ဘန့်ဘွေးကုန်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းသို့ညပိုင်းကင်းစောင့်ခိုင်းမှုအတွက် ကင်းမစောင့်လိုသူများအနေဖြင့် စစ်ကောင်စီတပ်မှတစ်ဦးလျှင် ငွေကျပ် ၅၀၀၀ ကျပ်ဒဏ်ငွေရိုက်မှုများရှိ​နေကြောင်းလည်း ကျေးရွာဒေသခံများထံကသိရသည်။

” ​ကင်းမစောင့်ချင်တဲ့သူဆိုရင်တစ်ညကို ၅၀၀၀ ဒဏ်ရိုက်တယ်။ မရှိဆင်းရဲသားတွေကိုအတင်းငွေညစ်တောင်းတာ။ ဘယ်လိုလုပ်ပေးနိုင်မှာလဲ။ သေရမှာလည်းကြောက်ရ ကင်းမစောင့်ရင်လည်း ဒဏ်ရိုက်ခံရမှာဆိုတော့အဆင်မပြေဘူး” ဟု တပ်ကုန်းကျေးရွာဒေသခံအမျိုးသားတစ်ဦးကဆိုသည်။

မြန်အောင်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လနှင့်သြဂုတ်လအတွင်း ရခိုင်ရိုးမတောင်ပေါ်၌ တော်လှန်ရေး တပ်စခန်းငယ်အချို့နှင့် လက်နက်ငယ်များကို စစ်ကောင်စီတပ်က သိမ်းဆည်းရမိမှုကြောင့် ရိုးမတောင်အနီးကျေးရွာများသို့စစ်ကြောင်းထိုးမှု အကြိမ် ၅၀ ထက်မနည်းရှိခဲ့ကြောင်း သိရသည်။

#မြန်အောင်မြို့ #ရခိုင်ရိုးမတောင်ခြေ #ရွာများ #ဒေသခံ #ညကင်းစောင့်ခိုင်း #ကင်းမစောင့်ပါက #ငွေကြေးတောင်းခံ #Ayeyarwaddy_Times