ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီ၏တပ်စခန်းနှစ်ခုကို ယနေ့ စက်တင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်၍ စခန်းသိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၂ နာရီနောက်ပိုင်းမှစတင်၍ နံနက် ၃ နာရီ ၃၀ မိနစ်အတွင်း စစ်ကောင်စီတပ်စွဲ ထားသည့် ဒေါင်းမင်းဆီဆိုင် ဟောင်းနေရာနှင့် လ၀ကရုံးတို့ကို စခန်း သိမ်းစီးနင်း နိုင်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

စခန်းသိမ်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်သား၊ ရဲနှင့်ပျူစောထီး စုစုပေါင်း ၂၀ ကျော်သေဆုံးပြီး လက် နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“စခန်းကို ၃ နာရီကျော်ကြာတိုက်ပြီး သိမ်းနိုင်ခဲ့တယ်။ စစ်တပ်ဘက်က တိုက်ပွဲပြီးတော့ ဒီမနက်မှာ အလောင်းတွေ လာကောက်သွားတယ်။ တော်လှန်ရေး တပ်ဖွဲ့ဘက်ကလည်း ထိခိုက်ကျဆုံး တာရှိတယ်”ဟု ကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

၃ နာရီကျော် အကြာတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ အရာရှိကိုင် ခြောက်လုံးပြူး တစ်လက်အပါအ၀င် လက်နက် မျိုးစုံ ၁၄ လက်နှင့် ခဲယမ်းမျိုးစုံ တစ်ထောင်ခန့် သိမ်း ဆည်းရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ခိုက်မှုအား မည်သည့်ကာကွယ်‌ရေးတပ်ဖွဲ့ ပြုလုပ်ခဲ့သည်ကိုမူ လုံခြုံ ရေးတည်ငြိမ်လျှင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ နေ့လယ်ပိုင်းတွင် တန့်ဆည်နယ် အက်တော၊ သဲကုန်းရွာများပေါ်သို့ စစ်ကောင်စီတပ်မှ MI 35 ဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်သံ များလည်း ကြားနေရကြောင်း ဒေသခံများထံက သိရသည်။

“လက်နက်ကြီးကျပြီး တန့်ဆည်မြို့ပေါ်ရှိ ကလေးငယ်တစ်ယောက် သွေးထွက်လွန်ပြီး သေသွားတယ်။ အခု ရေဦး၊ အောင်သာယာရွာဘက်ကနေ ပျူ ၈၀ လောက် တန့်ဆည်ကို ထွက်လာနေတယ် ကြားတယ်”ဟု တန့်ဆည်ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဓာတ်ပုံ-Taze News

#စစ်ကိုင်းတိုင်း #တန့်ဆည် #စစ်ကောင်စီစခန်းသိမ်းပိုက် #၂၀ကျော်သေဆုံး #Ayeyarwaddy_Times