
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်
စစ်ကောင်စီက မိုးစပါးပေါ်ချိန်အတွက် စပါးဈေးသတ်မှတ်လိုက်ပြီး အဆိုပါစျေးသည် ယခု ကာလပေါက်ဈေးထက် များစွာ ကွာဟလျက်ရှိကြောင်း စုံစမ်းသိရသည်။
မိုးစပါးပေါ်ချိန်တွင် ရောင်းသူနှင့်ဝယ်သူကြား သတ်မှတ် စပါးဈေးနှုန်းအတိုင်း ရောင်းချရမည်ဖြစ်ကြောင်း ယမန်နေ့ စက်တင်ဘာ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ထုတ်ပြန်ချက်၌ စပါးမျိုး အလိုက်ဈေးနှုန်း သတ်မှတ်ရာတွင် ဧည့်မထ၊ ငစိန်စပါး တင်းတစ်ရာလျှင် ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်း၊ ဧရာဝတီပေါ်ဆန်း တင်းတစ်ရာလျှင် ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း အပါအဝင် ဧရာမင်း၊ ဧရာပဒေသာ တင်းတစ်ရာလျှင် ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း နှင့် ရွှေဘိုပေါ်ဆန်း တင်းတစ်လျှင် ကျပ် ၁၈ သိန်းမှ ၂၀ အတွင်း ရောင်းချရန် သတ်မှတ်ကြောင်း ပါဝင်သည်။
စစ်ကောင်စီက ထိုသို့ရောင်းချရန် သက်မှတ်ထားသော်လည်း လက်ရှိစပါး ပေါက်ဈေး သည် ဧည့်မထတင်းတစ်ရာလျှင် ကျပ် ၁၇ သိန်းမှ ၂၅ သိန်းကြား၊ ရွှေဘိုပေါ်ဆန်းမွှေး တင်းတစ်ရာလျှင် ကျပ် ၃၈ သိန်းမှ ၄၀ ကြားရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
“စပါးဈေးတစ်ခုပဲသတ်မှတ်လို့မရဘူး။ သတ်မှတ်ဈေးအတိုင်း ရောင်းဖို့အတွက်ဆို ကျန်တဲ့ လုပ်သားခအထွေထွေ စရိတ်မျိုးစုံ၊ စက်ရိတ်ခနဲ့ဒီ ဇယ်ဈေးတွေလည်း သတ်မှတ် ပေးမှအဆင်ပြေမယ်” ဟု ဧရာဝတီတိုင်းအတွင်းက လယ်သမားတစ်ဦးက ဧရာ၀တီတိုင်းမ် သတင်းဌာနကို ပြောသည်။
လက်ရှိ အခြေခံစပါးဈေးတွက်ချက်ရာတွင် တောင်သူများ၏ ထုတ်လုပ်မှုကုန်ကျ စရိတ်ထက် ၅၀ ရာခိုင်နှုန်း အကျိုးအမြတ်ထည့်တွက်ချက်ထားပြီး စားသုံးသူပြည်သူများ အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေသည့် ဈေးနှုန်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါသတ်မှတ်ဈေးနှုန်းအတိုင်း ၀ယ်ယူရန်အခက်အခဲရှိလျှင် မြန်မာနိုင်ငံစပါးအသင်း ချုပ်နှင့် ညီနောင်အသင်းများအပါအဝင် ကုန်စည်ဒိုင်များကို အသိပေးရမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင်ဆန်ပြင်ပတင်ပို့သည့် Exporter များက ဒေသအသီးသီးရှိကုန်စည်ဒိုင်များမှ တဆင့်ဝယ်ယူရမည်ဖြစ်ပြီး တောင်သူများထံမှ တိုက်ရိုက်ဝယ်ယူရန်အတွက် သက်ဆိုင် ရာတိုင်းနှင့် ပြည်နယ်လုပ်ငန်းအဖွဲ့ထံတင်ပြပြီးမှ ဝယ်ယူရမည်ဖြစ်ကြောင်း တင်းကျပ် ထားသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
#မိုးစပါးပေါ်ချိန် #အခြေခံစပါးဈေးသတ်မှတ် #စစ်ကောင်စီ #ကာလပေါက်ဈေး #လျော့ကျ #Ayeyarwaddy_Times