ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် စက်တင်ဘာလအတွင်း နေ့စဥ်နေ့တိုင်း နေအိမ်များနှင့်ခြံ၀န်းများကို ၀င်ရောက်ပြီး ဆိုင်ကယ်ခိုးယူမှုများ ပိုမိုများပြားလာကြောင်း မြို့ခံများထံမှသိရှိရသည်။

ရပ်ကွက်လမ်းများရှိ နေအိမ်ရှေ့များတွင်သော့ခတ်ရပ်ထားသော ဆိုင်ကယ်များအပြင်၊ နေအိမ်များအတွင်းကဆိုင်ကယ်များကိုပါ ၀င်ရောက်ခိုးယူမှုဖြစ်ပွားခဲ့ကာ ဆိုင်ကယ် ၂၀ စီးထက်မနည်း ပျောက်ဆုံးခဲ့ကြောင်း ဒေသခံများမှပြောသည်။

” နေ့ဘက်ရော ညဘက်ရော ပျောက်နေတာ၊ ဆိုင်ကယ်တွေသော့ခတ်လဲစိတ်မချရဘူး သံကြိုးနဲ့ပါတွဲခတ်မှရတယ် “ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပုသိမ်မြို့တွင် သြဂုတ်လအတွင်းမှာ ခိုးမှု၊လုယက်မှုများပိုများလာပြီး တစ်လအတွင်း ဆိုင်ကယ်အစီးရေ ၃၀ နီးပါး ခိုးယူခံခဲ့ရပြီး၊ ဓါးထောက်လုယက်မှုများဖြစ်ပွားခဲ့ကာ တရားခံဖမ်းဆီးရမိတာမျိုး မရှိသေးကြောင်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူများထံမှ သိရှိရသည်။

ပုသိမ်မြို့တွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့များ အင်အားအများအပြားဖြင့် ကင်းလှည့်နေသော်လည်းတော်လှန်ရေးအင်အားစုများကိုသာ အဓိကထားပြီး ဖမ်းဆီးနေတာကြောင့် ခိုဆိုးလုနှိုက်မှုများ နေ့စဥ်ဖြစ်ပွားနေပြီး လောင်းကစား၊ လုယက်မှု၊ မူးယစ်ဆေးဝါးရောင်းချမှုနဲ့ ငွေတုရောင်းချခြင်းလုပ်ငန်းတွေကို ဖော်ထုတ်ဖမ်းဆီးမှုလျော့နည်းလာကြောင်း မြို့ခံများကသုံးသပ်ပြောဆိုသည်။

#ပုသိမ်မြို့ #ဆိုင်ကယ် #ခိုးဆိုးလုနှိုက် #စစ်ကောင်စီတပ် #Ayeyarwaddy_Times